What is the presence of God?

မေးခွန်း

၁) မျက်မှောက်တော်ဆိုတာဘာလဲ?

၂) မျက်မှောက်တော် နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ?

ဆွေးနွေးချက်

မျက်မှောက်တော် ဆိုတာ The presence of God ဆိုတဲ့ ဘုရားသခင် အတူရှိနေခြင်း ကို ပြောတာဖြစ်ပါတယ်။

ကျွန်တော် ကျွန်မတို့ကိုးကွယ်တဲ့ဘုရားသခင်ဟာ Omniprecense (နေရာတိုင်းမှာ တချိန်တည်း ရှိနိုင်တဲ့) ဘုရားဖြစ်ပါတယ်။ သြစတြေးလျမှာ ရှိနေသလို၊  အမေရိက မှာလည်း ရှိနေတယ်။ ရန်ကုန်မှာ ရှိနေသလို လန်ဒန်မှာလည်း တချိန်တည်း တပြိုင်တည်းမှာ ရှိနိုင်သူဖြစ်ပါတယ်။

ဒါကြောင့် ကျမ်းစာက (မဿဲ ၁း၂၃) မှာ Immanuel ဧမာနွေလ ဘုရားဖြစ်ပါတယ်။ အနက်အဓိပ္ဗါယ်ကတော့ “God with us – ငါတို့နှင့် အတူရှိသောဘုရား” လို့ ဆိုလိုပါတယ်။

ခရစ်တော်ကို ကယ်တင်ပိုင်ရှင်နဲ့ အရှင်သခင်အဖြစ် လက်ခံပြီးတဲ့နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွနု်ပ်တို့ အထဲမှာ ခိုးအောင်းကျိန်းဝပ်တယ်လို့ ၁ကော ၃း၁၆ မှာ ပြောထားပါတယ်။ ဒါကြောင့် ယုံကြည်သူတိုင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗိမာန်တော် ဖြစ်ပါတယ်။

ဘုရားအတူရှိနေခြင်းဆိုတဲ့ မျက်မှောက်တော်ကို ဘာကြောင့်မကြုံကြိုက်ရတာလဲ? မျက်မှောက်တော်ရှိနေခြင်းကို ဘာကြောင့် မခံစားရတာလဲ?

မျက်မှောက်တော်ထဲရောက်တယ် ဆိုတာ ဘုရားအတူရှိနေခြင်းကို အမြဲဝန်ခံနေခြင်း ကို ပြောတာဖြစ်ပါတယ်။ ဥပမာ တခုပေးချင်ပါတယ်။ ကျနော် ဘီဘီစီ (လန်ဒန်) မှာ အလုပ်လုပ်ခဲ့ဖူးတဲ့အတွက် အသံလွှင့်တာနဲ့ ဆိုင်တဲ့ ဥပမာလေး ပေးချင်ပါတယ်။ လန်ဒန်ကနေ လွှင့်လိုက်တဲ့ အသံလှိုင်းဟာ လေထုထဲကနေဆင့် နားဆင်တဲ့ သူတွေရဲ့  ရေဒီယိုထဲကို ရောက်သွားပါတယ်။ နားဆင်တဲ့ သူတွေက တခုလုပ်ဖို့ လိုပါတယ်။ ဘီဘီစီ လာတဲ့ အသံလှိုင်းကို ဖမ်းပြီး နားဆင်ဖို့ လိုပါတယ်။ ရေဒီယို ရှိတိုင်း နားဆင်ချင်တဲ့ အသံလှိုင်းကို မကြားနိုင်ပါဘူး။ အသံလှိုင်း ညှိပေးဖို့ လိုပါတယ်။ အသံလှိုင်း မတည့်ဘူးဆိုရင် တခြား အသံတွေ ၀င်တတ်ပါတယ်။

အဲဒီလိုပါပဲ။ ဘုရားမျက်မှောက်တော်ကို ရောက်ဖို့ နှလုံးသားကို ညှိယူရပါတယ်။ ဘုရားသခင်ရဲ့ ရှေ့တော်ကို တိုက်ရိုက်ရောက်ဖို့ အမြန်ဆုံး နည်းလမ်းကတော့ ချီးမွမ်းခြင်း နဲ့ ကိုးကွယ်ခြင်းပဲ ဖြစ်ပါတယ်။ မျက်မှောက်တော် လိုင်း နဲ့ ချိတ်ဆက်မိသွားပြီဆိုရင်တော့ ပတ်ဝန်းကျင်ကလာနေတဲ့ တခြား အသံတွေ မကြားတော့ပါဘူး။

ဧမာနွေလဘုရားက အမြဲတမ်းရှိနေပါတယ်။ ကိုယ့်ရဲ့ နှလုံးသားက ဘယ်လိုင်းတွေမှာ ချိတ်မိနေသလဲဆိုတာကို ဆင်ခြင်ဖို့လိုပါတယ်။ ဘုရားမျက်မှောက်တော်ထဲရောက်သွားရင်တော့ ဘုရားရဲ့ အသံကို ကြားလာရမှာ ဖြစ်ပါတယ်။

မျက်မှောက်တော်ထဲ ရောက်နေပြီ ဆိုတာ ဘယ်လိုသိနိုင်မလဲ?

မျက်မှောက်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ပြီဆိုတဲ့နေရာမှာ Emotion လို့ခေါ်တဲ့ စိတ်ခံစားချက် ကို ပြောတာမဟုတ်ပါဘူး။ Worship Band က ကိုယ်သိပ်ကြိုက်တဲ့ ခွန်အားရတဲ့ သီချင်းကို တီးခတ်သီဆိုတဲ့အခါ အားရပါးရ လိုက်ဆိုပြီး မျက်မှောက်တော် ခံစားရတယ်လို့ ပြောပြီး ကိုယ်သိပ်မရတဲ့ သီချင်း၊ မဆိုတတ်တဲ့ သီချင်း ကို တီးခတ်တဲ့အခါမှာတော့ မျက်မှောက်တော် မခံစားရဘူးလို့ တချို့တွေ ပြောတာကို ကြုံဖူးပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်အပေါ် ခံစားနေတာဖြစ်ပါတယ်။

Worship is not for you. Worship is for Him. ကိုးကွယ်ခြင်းက ခင်ဗျားအတွက်မဟုတ်ဘူး၊ ဘုရားအတွက် ဖြစ်တယ်လို့ ဆရာကြီး Jentezen Franklin က ပြောဖူးပါတယ်။ “P&W သီချင်းဆိုဖို့ စိတ်မပါဘူး၊ ငါတို့ ကြိုက်တဲ့သီချင်းတွေလည်း မဆိုကြဘူး၊ မတီးကြဘူး” စသဖြင့် ကိုယ့်အတွက်ပဲ စဉ်းစားပြီး ပြောကြတဲ့ သူတွေ အများကြီး ကြုံဖူးပါတယ်။ ဒါတွေဟာ Emotion နဲ့ သွားနေတာ ဖြစ်ပါတယ်။

မျက်မှောက်တော်ကို ရင်ဆိုင်ကြုံကြိုက် တယ်ဆိုတာ Tangible Feeling လက်တွေ့ခံစားလို့ရတဲ့ အရာဖြစ်ပါတယ်။ သက်သေခံချက် တခုရှိပါတယ်။ ကျနော်တို့ ဇနီးမောင်နှံက Hillsong မှာပဲ အမြဲတမ်းပါဝင်ဖြစ်တာကြောင့် မြန်မာအသင်းတော်တွေကို ရံဖန်ရံခါမှပဲ ရောက်ဖြစ်ပါတယ်။ တခေါက်တုန်းက Hillsong ကအပြီး မြန်မာအသင်းတော်တခုကို ၀င်ဖြစ်တယ်။ P&W အချိန်ဖြစ်နေတယ်။ သူတို့ဆိုနေတဲ့ သီချင်းက အသစ်ဖြစ်နေလို့ ကျနော်တို့သိပ်မရင်နှီးဘူး။ ဒါနဲ့ ကျနော်လည်း ကိုးကွယ်ခြင်းမှာပဲ အာရုံစိုက် နားစွင့်နေလိုက်တယ်။

အဲဒီအချိန်မှာ”ကျေးဇူးတော်မှ တပါး အခြားသော မင်္ဂလာ ကျွနု်ပ်၌ မရှိပါ” ဆိုတဲ့ ဆာလံဆရာရဲ့ စာသားက ကျနော့် နှလုံးသားကို လာထိတယ်။ ဘုရင်ကြီးတပါးဖြစ်ပေမယ့် ဘုရားရဲ့ မျက်မှောက်တော် ရှိတဲ့ ဒါဝိဒ်မင်းကြီးရဲ့ နှိမ့်ချမှုကို ကြားတဲ့အခါမှာ ငါဟာ ဘာမှမဟုတ်သေးတဲ့သူ ပါလား၊ ၀ါကြွားမာန်တက်စရာ ဘာမှမရှိဘူး။ ဘုရားပြုတဲ့ ကျေးဇူးတော်ကြောင့်သာ အခုလို ရပ်တည်နိုင်တာဆိုပြီး ရင်ဘတ်ထဲကို အရမ်းထိသွားတယ်။ ရင်ဘတ်ကိုထိတော့ မျက်ရည်ကျလာတယ်။ အဲဒီအချိန်ဟာ ကျနော် ဘုရားမျက်မှောက်တော် ကို လက်တွေ့သိမြင် ခံစားရတဲ့ အချိန်ဖြစ်ပါတယ်။ ၀ိညာဉ်တော်ရဲ့ တို့ထိမှု ဖြစ်ပါတယ်။

ဘုရားမျက်မှောက်တော်ထဲရောက်ရင် ဘယ်လို ကြုံတွေ့ခံစားရသလဲ?

ဘုရားမျက်မှောက်တော်ထဲရောက်တယ်ဆိုတာ ဘုရားရဲ့ အတူရှိနေခြင်းကို အာမခံချက် ထပ်ရတာဖြစ်ပါတယ်။ အာမခံများများရချင်ရင် မျက်မှောက်တော်နဲ့ များများရင်နှီးကျွမ်းဝင်ဖို့ လိုပါတယ်။

မျက်မှောက်တော်ထဲရောက်ရင် တချို့က ငိုကြတယ်၊ တချို့က ရယ်ကြတယ်။ ဘာလို့လဲဆိုတာကတော့ ကိုယ်တိုင်ကြုံဖူးသူပဲ သိတယ်။

ရှမ်းပြည်က လာတဲ့ ကျနော်တို့အတွက် ရှမ်းခေါက်ဆွဲ ဘယ်လောက်ကောင်း သလဲ ဆိုတာ ပြောပြလိုရပေမယ့် မိတ်ဆွေကိုယ်တိုင် စားကြည့်တဲ့ အခါကျမှ ကျနော်တို့ ပြောတာကို အပြည့်အ၀ နားလည် လိမ့်မယ်။ ဆာလံဆရာက Taste and See that the Lord is good. ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ (ဆာလံ ၃၈း၈) မှာ ပြောထားပါတယ်။ ဒါကြောင့် ကိုယ်တိုင် စမ်းကြည့်ဖို့ လိုပါတယ်။

မျက်ရည်ကျမှ မျက်မှောက်တော်ရောက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားမျက်မှောက်တော် ထဲ ရောက်သွားရင်တော့ ဘုရားရဲ့ မေတ္တာ ခံစားရတဲ့အတွက် မျက်ရည်ကျလာတာဖြစ်ပါတယ်။

မျက်မှောက်တော်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ဘာကြောင့်လိုအပ်တာလဲ?

တခွန်းတည်း ဖြေရမယ်ဆိုရင်တော့ စုံလင်ခြင်း ရှိလို့ ဖြစ်ပါတယ်။ မိတ်ဆွေမှာ ဘာလိုအပ်သလဲ၊ မျက်မှောက်ထဲမှာ အကုန်ရှိတယ်။ ဘုရားသခင်က ကျွနု်ပ်တို့ကို ဖန်ဆင်းတဲ့ အဓိက အကြောင်းရင်းကလည်း သူနဲ့ မိဿဟာယ ဖွဲ့ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြစ်ကြောင့် ဘုရားနဲ့ လူနဲ့ အကြားမှာ မိဿဟာယ ပျက်သွားခဲ့ရတယ်။ ယေရှုခရစ်တော်ကြောင့် အခုဆိုရင် ဘုရားနဲ့ လူတွေ အကြား ပြန်လည် ပေါင်းဖက်လို့ ရသွားပြီ။ ဘုရားရဲ့ မျက်မှောက်တော်ကိုလည်း အချိန်မရွေး ၀င်ထွက်နိုင်ပြီ။

မိတ်ဆွေ…ဘုရားသခင်က သင့်ကို သိပ်ချစ်တယ်။ သူ့ရဲ့ ဘုန်းတန်ခိုးနဲ့ မိတ်ဆွေကို သူ့ကို ကိုးကွယ်အောင်၊ ချစ်အောင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဘူး။ အကယ်၍ မိန်းကလေး တယောက်ကို ယောကျာင်္းလေးတယောက်က အတင်းအဓ္ဓမ လက်ထပ်ယူမယ်ဆိုရင် မိန်းကလေးရဲ့ ကိုယ်ခန္ဓာကို ရကောင်း ရလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့အချစ်ကို ရမှာ မဟုတ်ဘူး။

ဘုရားသခင် လိုချင်တာကလည်း သင်လိုလိုလားလားပေးတဲ့ မေတ္တာကို လိုချင်တာဖြစ်တယ်။ မိတ်ဆွေကို ရွေးချယ်ခွင့်ပေးတယ်။ အတင်းအကြပ်မလုပ်ဘူး။ ဒါဟာ မိတ်ဆွေကို ဘုရားက သိပ်ချစ်လို့ ဖြစ်တယ်။ မိတ်ဆွေကို ကယ်ဖို့ အတွက် သူကိုယ်တိုင် လောကထဲကို လာပြီး အသေခံပေးခဲ့တယ်။

အဲဒီမေတ္တာကို တုန့်ပြန်ရအောင်။ မိတ်ဆွေရဲ့ နှလုံးသားထဲမှာ သူ့ကို နေရာ ပေးလိုက်ပါ။ သူ့ရဲ့မျက်မှောက်တော်ကို ခံစားရပါလိမ့်မယ်။

no comment

Add your comment

Your email address will not be published.

%d bloggers like this: