|
ကျွန်တော်တို့ရဲ့ Stream of Life website တာဝန်ခံကြီးကမေတ္တာ စေတနာ အာဏာနဲ့ SOL ၀က်ဆိုက်မှာ စာရေးဖို့ အကူအညီတောင်းပါတယ်။ တကယ်တမ်းတော့ သူရေးဖို့ပြောတာ မနှစ်ကခရစ်စမတ်မှာပါ။ကျွန်တော်က စာရေးလေ့မရှိတော့ အကြောင်းအမျိုးမျိုးပြပြီ ပတ်ပြေးနေတာ ဒီနှစ် ခရစ်စမတ်တောင် ပြန်ရောက်လာပါပြီ ..အင်း ....တစ်နှစ်လောက်ရှိပြီ။ အခုတော့ ဘယ်လိုမှပြေးမရတော့ဘူး။ ဒါနဲ့ တစ် ပတ်အတွင်း ရေးပါမယ်လို့ ကတိပေးလိုက်တယ်။ (ပြောသေးတယ် ..သူများမရေးခိုင်းနဲ့ ..အထူးသဖြင့် မင်းမိန်းမ မရေးခိုင်းနဲ့ ..မင်းကိုယ်တိုင်ရေးတဲ့..အမိန့်က တော်တော်ပြင်းတယ်။) ကတိသာပေးလိုက်တာ ...ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဘာရေးရမှန်း တကယ်မသိတာပါ။ လမ်းလျှောက်ရင်း စဉ်းစား...ထမင်းစားရင်းစဉ်းစားနဲ့..သုံးရက်လောက်ကြာသွားတယ်..ဘာမှထွက်မလာပါ ဘူး။ လေးရက်မြောက်နေ့မှာတော့ တာဝန်ခံကြီးက ဖုန်းဆက်ပြီး မေးပါတယ်.. ပြီးပြီလားတဲ့ ... ဒါနှင့် ... ကျွန်တော်လည်း ကွန်ပြူတာရှေ့မှာထိုင်ပြီး တစ်ခုခုရေးဖို့ ကြိုးစားရပါတော့တယ်.. စဉ်းစားရင်းနဲ့ အတွေးတစ်ခုရလာပါတယ် ... ဘုရားသခင်က သူရဲ့အမှုတော်ကို ဘာမှမဟုတ်တဲ့ ကျွန်တော်တို့တွေကို အသုံးပြုလိုက်တဲ့အကြောင်းပါ။
သူများတွေအတွက်တော့ ဘာမှမဟုတ်လောက်ပါဘူး။ ကျွန်တော်တို့အတွက်တော့ ကျွန်တော်တို့ရဲ့ သမိုင်းပါ။ တကယ်တမ်းတော့ အကြံအအစည်(idea) ပေးတာလည်းဘုရားသခင်၊ အလုပ်အောင်မြင် ပြီးမြောက်စေတာလည်း ဘုရားသခင်ပါပဲ။ ရောမ-၁၁း၃၆ မှာ "ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အဘို့အလိုငှါ လည်းကောင်းဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်။"
၁၉၉၉ ဧပြီလ၊ ကျွန်တော် အသင်းတော် (FGA) မှာ လူငယ်ခေါင်းဆောင်အနေနဲ့ ပါဝင်တဲ့အချိန်၊ လူငယ်ဌာန ရဲ့ ဦးဆောင်မှုနှင့် ပြင်ဦးလွင် အသင်းတော်တစ်ခုက ပြုလုပ်တဲ့ နွေရာသီကျမ်းစာသင်တန်းကို သွားခဲ့ကြပါတယ်။ သင်တန်းကသင်္ကြန်အတွင်းမှာပါ။ လူငယ် အယောက် (၈၀) လောက်သွားခဲ့ကြတာပါ။ တော်တော်ပျော်ခဲ့ကြပါတယ်။ အခုထိ အမှတ်တရ ဖြစ်ခဲ့ရတာတွေကိုပြောနေကြရတုန်းပါပဲ။ မမေ့နိုင်ဘူးပေါ့ဗျာ...ရထားလက်မှတ်ကို တစ်တွဲလုံးစာ ၀ယ်လိုက်တာဆိုတော့ တစ်တွဲလုံးမှာ ကျွန်တော်တို့လူငယ်တွေပဲ။ စလိုက် နောက်လိုက် စားလိုက် သောက်လိုက်နဲ့ (၁၅)နာရီ ကြာတဲ့ ခရီးက ခဏလေးနဲ့ရောက်သလိုပဲ။ အဲ..ကျွန်တော်ရေးချင်တာ နွေရာသီသင်တန်းအကြောင်းမဟုတ်ဘူးဗျ ...လမ်းကြောင်းနည်းနည်းလွဲသွားပြီ ..ဒါပေမဲ့ ပတ်သတ်မှုတော့ ရှိပါတယ်။ အဲဒီ ခရီးစဉ်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ Stream of Life Music အဖွဲ့ မွေးဖွားလာခဲ့ရတာဆိုရင် မမှားပါဘူး။
အဲဒီ ခရီးစဉ်ရဲ့ အသွားအပြန်ရထားတွဲပေါ်မှာ ကျွန်တော်တို့တွေ ဘာဆွေးနွေးဖြစ်ကြလဲဆိုတော့ ... ၀ါသနာ တူတဲ့လူငယ်တွေ စုပေါင်းပြီးတော့ တေးဂီတအဖွဲ့တစ်ခုဖွဲ့ပြီး ဓမ္မတေးသီချင်းခွေထုတ်ဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ ကဲ.. ဒါဆို ..ဘယ် လို သီချင်းမျိုးထုတ်ကြမလဲလို့စဉ်းစားကြတော့ ... Christmas carol သီချင်းတွေ ထုတ်ဖို့စဉ်းစားမိ ကြတယ်။ ဘာလို့ ဒီသီချင်းမျိုးထုတ်ချင်ရတာလဲ ဆိုတော့...အဲဒီအချိန်မှာ ခရစ္စမတ် ဓမ္မတေးတွေလည်းမထွက်တာတော်တော်ကိုကြာပါပြီ။ နောက် .. ခရစ်စမတ်ရောက်လို့ Christmas carol ထွက်တိုင်းလည်း carol သီချင်းဟောင်း တွေပဲ ဆိုနေရတော့...တော်တော်ရိုးအီနေကြတဲ့အချိန်ပါ။ ဒါကြောင့် ခရစ်စမတ်ဓမ္မတေးခွေ ထုတ်မယ်။ Carol ထွက် ရင် သုံးလို့ရမယ့် Christmas carol သီချင်းပုံစံမျိုးတွေ ဦးစားပေးထည့်မယ်။ ပြီးတော့ နာမည်ရှိပြီးသား အဆိုတော်၊ တေးရေးတွေကို အကူအညီမတောင်းဘဲ ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတွေကို ကိုယ်တိုင်ဆိုပြီး ထုတ်မယ်ပေါ့ ...
ဒါနဲ့ ၀ါသနာတူတဲ့သူတွေနှင့် စိတ်ဝင်စားသူတွေစုပြီး ငွေ တစ်ယောက် နှစ်သောင်းစီ (၂၀၀၀၀ိ) ထည့်ပြီး ခွေထုတ်ဖို့ စိုင်းပြင်းကြပါသည်။ အားလုံးက ဆုတောင်းခြင်းအားဖြင့် ငွေကြေးအားဖြင့် အားပေးကူညီ ကြပါတယ်။ တချို့ လူတွေ အားပေးပုံကလည်း တစ်မျိုးဗျ၊ "မင်းတို့ပိုက်ဆံတွေ ရေထဲပစ်ချတာမှ ]ပလုံ} လို့ အသံမြည်အုံးမယ်" တဲ့။ အလကား ဘာတွေလျှောက်လုပ်တာလည်းပေါ့ ... ဟုတ်ပါတယ် သူတို့ပြောတာ... အခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ .. တကယ်ပဲ ကျွန်တော်တို့လျှောက်လုပ်ခဲ့ကြတယ် ...စွန့်စားခဲ့ကြပါတယ်။ ဘယ်လောက်တောင် စွန့်စားခဲ့ကြသလဲဆိုရင် ... ကျွန်တော်တို့ စုပေါင်းထည့်ဝင်ထားတဲ့ ငွေက Audio Master အထိပဲ ရပါတယ်။ တိတ်ခွေကူးဖို့၊ ခွေကာဗာ ပိုစတာ ထုတ်ဖို့ နှင့် အခြားကုန်ကျစရိတ်တွေအတွက် ငွေ မရှိတော့ပါဘူး။ ကျွန်တော်တို့အဖွဲ့တွေ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးကြပါတယ်။ ဒါနဲ့ ငွေချေးပြီး ခွေဆက်ထုတ်ဖို့ စွန့်စွန့်စားစား ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်သူ့ဆီကငွေချေးမှာလဲ ...ခွေ မရောင်းရရင် ဘယ်လိုပြန်ဆပ်မလဲ ...ငွေချေးမယ့် သူ တွေ ကလည်း ယုံကြည်စွာနဲ့ ချေးရဲမှာလား ...စတဲ့ မေးခွန်းမြောက်များစွာ ရှိခဲ့ပါတယ် ...
ဒါပေမဲ့ ကျွန်တော်တို့ ဟာ ဘုရားသခင်အလိုရှိတာကို လုပ်နေတာလို့ ယုံကြည်သလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိခဲ့ကြပါတယ်။ ဒါနဲ့ နောက်ကိစ္စ နောက်ရှင်းဆိုပြီး ငွေချေးဖို့ ရှာကြတယ် ... အခုချိန်မှာ ပြန်စဉ်းစားတော့ ဘုရားသခင်သာမပါ ရင် ကျွန်တော်တို့ရူးရူးမိုက်မိုက်နှင့်စွန့်စားခဲ့ကြခြင်းပါ ... ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ ...ကျွန်တော်တို့ကို ယုံကြည်ပြီး ငွေချေးပေးမယ့်သူတွေနှင့်တွေ့ခဲ့ရပါတယ်။ (ကျွန်တော်တို့ကို ယုံကြည်စွာနဲ့ ကူညီခဲ့တဲ့ဒေါက်တာသာထွန်းဦးနှင့်
ဒေါက်တာအောင်ထွန်းတို့ (Today Media Group)မိသားစု ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိကြောင်း၊ အမြဲတမ်း အမှတ်တရရှိနေပါ ကြောင်း ဖေါ်ပြချင်ပါတယ်။
ဘုရားသခင်က မိတ်ဆွေတို့ မိသားစု ကို ကောင်းချီးများစွာ ပြန်လည်ချပေးပါစေ။) ဒီလိုနဲ့ "ခရစ်စမတ်ရဲ့ အဘိဓာန်" ဆိုတဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးသော ခရစ်စမတ်ဓမ္မတေးခွေ ကို ၁၉၉၉၊ နိုဝင်ဘာလ ထဲမှာ ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ခွေကို ဘုရားသခင်က ကောင်းချီးပေးခဲ့ပါတယ်။ အဲဒီနှစ် ခရစ်စမတ် ရာသီမှာ ကက်ဆက်ခွေပေါင်း (၃၀၀၀) ကျော် ရောင်းချခဲ့ရပါတယ်။ ကျွန်တော်သိသလောက် အဲဒီအချိန်က ဓမ္မတေးခွေ ဈေးကွက်မှာ ရောင်းရအများဆုံး စာရင်းထဲမှာ ပါခဲ့ပါတယ်။ အပြင်ခွေဆိုင်များဈေးကွက်ရွဲှ့ Top Ten Lists ထဲမှာလည်း ပါခဲ့ပါတယ်။ တကယ်ပါပဲ ... ကျွန်တော်တို့ မမျှော်မှန်းနိုင်၊ မရည်မှန်းနိုင်ခဲ့တဲ့ အခြေအနေထိရောက်အောင် ကောင်းချီးပေးပို့ဆောင်ခဲ့ပါတယ်။
ဘုရားသခင်နာမသာ၍ဘုန်းကြီးပါစေ။ ဒါကြောင့် ကျွန်တော် ရှေ့မှာဖော်ပြထား သလို ... ဘုရားသခင်က သူရဲ့အမှုတော်ကို ဘာမှမဟုတ်တဲ့ ကျွန်တော်တို့တွေကို အသုံးပြုခဲ့တာပါ။ ရောမ ၁၁း၃၆ မှာ "ခပ်သိမ်းသောအရာတို့သည် ကိုယ်တော် အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့် လည်းကောင်း၊ ကိုယ်တော်အဘို့အလိုငှါ လည်းကောင်းဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။
အာမင်။"
Source:SOL
|