FGA Myanmar

သိက္ခာတော်ရ ဆရာဦးဒမ်ဆွမ်းမုန်၏ငယ်စဉ်ဘဝ
၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက် နေ့၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နန်းဟံနွဲကျေးရွာတွင် ဆရာကြီးဦးဒမ်ဆွမ်းမုန်မွေးဖွားခဲ့သည်။ သူ့အား ဆရာမုန်သောင် ဟုလည်း ရင်းနှီးခင်မင်သူအများက ခေါ်ဝေါ်သိထားကြသည်။ နန်းဟံနွဲကျေးရွာသည် စစ်ကိုင်းတိုင်းဖြစ်သော်လည်း ဇိုမီး(ချင်း)မျိုးနွယ်စုများနေကြပြီး ရွာနာမည်သည်လည်း ချင်းနာမည်ပင်ဖြစ်သည်။ ဖခင်ဖြစ်သူ သိက္ခာတော်ရဆရာကြီး ပါးတွန့်ဇ၀ုန့်(Pa Tun Za Vung) သည် မက်သ ဒစ်အသင်းတော်မှ သင်းအုပ်ဆရာဖြစ်ပြီးမုန်သောင်အား မိခင်ဝမ်းထဲ(၄)လသားအရွယ်တွင် တွင် ထားခဲ့ရှာသည်။ မိခင် နူးကျင်းဒိမ်( Nu Ciin Dim) ကလည်း ဆရာ့အား(၉)နှစ်သားအရွယ်တွင် ထားသွားခဲ့ပြန်သည်။ ထိုအချိန်တွင် (၁၆)နှစ်အရွယ် အကိုနှင့် (၁၂)နှစ်အရွယ် အစ်မ နှင့်အတူ ဆရာဦးဒမ်ဆွမ်းမုန်သည် ဘ၀ကို ခါးသီးစွာဖြတ်သန်းခဲ့ရသည်။ဖခင်သင်းအုပ်ဆရာဖြစ်သည့်အားလျော်စွာ ဆရာတို့မောင်နှမသုံးယောက်သည် မက်သဒစ် ဘုရားကျောင်း၌ Sunday School သင်ရင်း မိဘမဲ့ကလေးများ ကြီးပြင်းလာကြသည်။ ဘုရားကျောင်းဥပုဒ်စာပေသင်ခန်းစာမြောက်များစွာထဲမှ ῝ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းဌာစွန့်ပစ်မည်မဟုတ် ῎ဟူသော ကျမ်းပိုက်ကလေးကို ဆရာ့အား အသဲစွဲအမှတ်ရစေခဲ့သည်။ ဟုတ်ပါသည် မိဘမဲ့ကလေးများ၊ အားနည်းသောသူများကို ကွယ်ကာစောင်မသော ဘုရားရှင်သည် ကျွန်ုပ်တို့၏ ဘုရားပင်မဟုတ်ပါလော။

ကယ်တင်ခြင်းစိတ်ချမှုရရှိခြင်း
မိရိုးဖလာခရစ်ယာန်အသိုင်းအ၀ိုင်းမှ ကြီးပြင်းလာပြီး၊ ဖခင်ကိုယ်တိုင် သင်းအုပ်ဆရာဖြစ်သော်ငြားလည်း “ငါသေရင် ငါ့ဝိညာဉ် ဘယ်သွားမလဲ” ဟူသောမေးခွန်းက မသိမသာချိန်းခြောက်လာခဲ့သည်။ ထိုမေးခွန်း၏အဖြေကို မသိသေးသဖြင့် သူ၏နှလုံး သားထဲတွင် ငြိမ်သက်ခြင်းမရှိသည်သာမက သူ့ကိုဖြေသိမ့်နိုင်မည့် အဖြေမရှိသကဲ့သို့ ထင်မြင်ခံစားလာမခဲ့သည်။ ထိုသို့သောမေးခွန်းများနှင့်အတူ အစိုးရနည်းပညာကော လိပ်တွင် ပညာသင်ကြား ဖို့ရောက်ရှိလာသည်။ အဖြေရှာမရသောမေးခွန်းအား အင်ဂျင်နီယာကောင်းတစ် ယောက်ဖြစ်ရန် စိတ်ကူးအိပ်မက်ဖြင့်အစားထိုးကာ သူငယ်ချင်းအပေါင်းဖော်များဖြင့် ῝ ဘ၀ဆိုတာဘုရားသခင်မပါရှိရင် လည်း ပျော်စရာကောင်းနေပါလား῎ ဟူသောအတွေးများပင်ဝင်လာသေးသည်။ တစ်နေ့ . . ရက်တိုကျောင်းပိတ်ရက်တစ်ခုတွင် တုန်လှုပ်စရာသတင်းဆိုးတစ်ခုက သူ့အားရိုက်ခတ်လာသည်။ ကျောင်းပိတ်ရက်၌အိမ်ပြန်ရန်ပြင်ဆင်နေသောသူ၏ အချစ် ဆုံး သူငယ်ချင်းအားရထားဘူတာသို့ လိုက်ပို့ နှုတ်ဆက်ခဲ့သည်။  ထိုနေ့ညပိုင်းတွင်သူ၏ သူငယ်ချင်းမှာ ရထား မတော်တဆဖြစ်မှုကြောင့် ဆုံးသွားသည့် သတင်းကြားရသောအခါ အံ့သြခြင်း၊ ကြေကွဲခြင်းနှင့်အတူ ယူကြုံးမရဖြစ်ခဲ့ရသည်။ ဤအဖြစ်အပျက်နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဆရာကြီး၏ အသက်တာထဲသို့ တန်ခိုးကြီးမားစွာ နေရာယူလာခဲ့သည်။ မာကု ၈း ၃၆ တွင်῝လူသည် ဤစကြာ ၀ဠာကို အကြွင်းမဲ့ အစိုးရ ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း῎ မိမိ၏ ဘ၀ရည်မှန်းချက် အားလုံးပြည့်စုံပြီး အောင်မြင်သောဘ၀ပိုင်ဆိုင်ရ စေကာမူ သူ၏ သူငယ်ချင်းကဲ့သို့ပင် အချိန်မရွေးသေသွားနိုင်ပါလား ဟု ဆရာကြီး သံဝေဂရ လာသည်။ ယခုအချိန်တွင် သူသာသေသွားခဲ့လျှင် သူ့ဝိညာဉ်က ဘယ်သွားမလဲ ဟူသည့် မေးခွန်းက သူ့နှလုံးသားကိုလှုပ်နှိုးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သခင်ယေရှု လက်ဝါးကပ် တိုင် ပေါ်တွင် လုပ်ဆောင်ပေးခဲ့သော အရာများနှင့် သူ၏ အပြစ်အဖိုးအခကို သခင်ယေရှုက ဆပ်ပေးသွားပုံ တို့ကိုသဘောပေါက် နားလည်လာခဲ့သည်။ ဤသို့ဖြင့် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ဆရာကြီးသည် သခင်ယေရှုကို ကိုယ်ပိုင် အသက်သခင်ကယ်တင်ရှင်အဖြစ်ယုံကြည် လက်ခံခဲ့သည်။ ယောဟန် ၁း၁၂ တွင် ῝ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏ ဟု ဖော်ပြသည်။သင်းအုပ်ဆရာ၏ သားဖြစ်ရုံနှင့်ဘုရားသခင်၏ သားမဖြစ်နိုင်ဘဲ သခင်ယေရှုကို လက်ခံယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ သားဖြစ်နိုင်ခြင်းကို နားလည် သိရှိလာခဲ့သည်။

ဝိညာဉ်တော်၌ နှစ်ခြင်းကိုရရှိခြင်း
အသက်တာသစ်၌ လျှောက်လှမ်းရင် တစ်နှစ်ခန့် အကြာတွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးသွန်းလောင်းသော အစည်းအဝေး (Crusade) တစ်ခု၌ ပါဝင်ခွင့်ရခဲ့သည်။ လုကာ ၂၄း၄၉ တွင်ပြောထားသည့်အတိုင်း ထိုအစည်းအဝေးမှ အခြားသော ဘာသာစကားပြောခြင်းအားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်၌ နှစ်ခြင်းကိုလက်ခံရရှိခဲ့သည်။ ဤသို့ သန့်ရှင်းသော ၀ိညာဉ်၌ နှစ်ခြင်းကို လက်ခံရရှိသည့် အချိန်မှစ၍သူ့ နှလုံးသား ထဲတွင် ပျောက်ဆုံးသော ၀ိညာဉ်များအတွက် ကြီးမားသောဝန်တာ ရှိလာခဲ့သည်။ ဤအရာက သူ၏အထဲတွင်မီး ကဲ့သို့ တောက်လောင်ပြီး သခင်ယေရှု၏ဧ၀ံဂေလိတရားကို တစ်ရွာမှ တစ်ရွာသို့ ဟောပြောဝေဌစေရန် လှုံ့ဆော်ပေးခဲ့သည်။ သို့ဖြစ်၍ ကျောင်းတွင်သာမက ကျောင်းအနီးရှိ တပ်စခန်းများ၌ပါ ဧ၀ံဂေလိတရားကို ဟောပြောဝေဌခဲ့သည်။ သခင်ယေရှုက῝…သင်တို့ အပေါ်သို့သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကိုရ၍…..ငါ၏သက်သေဖြစ်ကြ လိမ့်မည် ῎ ဟု ပြောသည့်အတိုင်း ဆရာကြီး၏ နှလုံးသားထဲတွင်ဧ၀ံဂေလိတရား မီးသည် ဆက်လက် တောက်လောင် လျက်ရှိသည်။

အမှုတော်မြတ်အတွက် ဆက်ကပ်ခြင်း
ဆရာကြီးသည် ဧ၀ံဂေလိတရားကို ပို၍ ဟောလေလေ၊ဘုရားသခင်အတွက်သူ၏ စိတ်ဆန္ဒပြင်းပြမှုမှာ ပို၍ ကြီးမားလေလေ ဖြစ်လာသည်။ သူ့အသက်တာအတွက် ဘုရားသခင်၏ အကြံအစည်တော် ကိုလည်း တဖြည်းဖြည်းနားလည်လာသည်။ ဆုတောင်းခြင်း၌ အချိန်များများယူပြီး နောက်ပိုင်းတွင်အချိန်ပြည့် အမှုတော်ဆောင်ရန် ဘုရားသခင်၏ ခေါ်ခြင်းကို သိရှိနားလည်လာခဲ့သည်။ ဤသို့ဖြင့် ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစိုးရ နည်း ပညာကောလိပိကို စွန့်ခွာရန် ဆုံးဖြတ်ပြီး သခင်ယေရှု၏ အမှုတော်၌ပါဝင်ဆက်ကပ်ခဲ့သည်။ ယခင်ကမက်မောခဲ့သော အင်ဂျင်နီယာတစ်ယောက် ဖြစ်ရန်နှင့် ကြီးပွားချမ်းသာသော အသက်တာပိုင်ဆိုင်လိုသည့် ဆန္ဒများလုံးဝ မရှိတော့ပဲ ဘုရားသခင်၏ ခေါ် ခြင်းတရား အတွက် အသက်ရှင်ရန်နှင့်ဘုရားသခင်၏ နိုင်ငံတော်အထဲ၌ အောင်မြင်မှု ရရှိရန်သာ ဆန္ဒရှိလာခဲ့သည်။ ဆရာကြီးသည် ဘုရားခင်၏ သစ္စာတော်ကြောင့် ၀ါရင့် အမှုတော်ဆောင် များနှင့်အတူ လက်တွဲပါဝင် လုပ်ဆောင်ခွင့် ရခဲ့သည်။ ထိုဆရာကြီးများသည် ခရစ်ယာန်အသက်တာ နှင့်ပတ်သက်၍ သူ၏ မြင်ဆရာ၊ သင်ဆရာများဖြစ်ခဲ့ကြသည်။

အိမ်ထောင်ပြုခြင်း
၁၉၇၇ ခုနှစ်၊ ဇွန်လမှစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာ၊ အေဂျီသင်းတော်တွင် သင်းအုပ်ဆရာအဖြစ်စတင်အမှုတော်ဆောင်ခဲ့သည်။ ကျေးရွာများတွင်ညပိုင်းနှိုးထမှု အစည်းအဝေးများ စတင်ပြုလုပ်လေ့ရှိကြရာ ထူးခြားသော နိမိတ်လက္ခဏာများကို သူ့အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ခဲ့သည်။ (၂)နှစတိုင်အမှုတော်ဆောင်ခဲ့ပြီး ဘုရားသခင်သည် သူ၏ ကြီးမားသော အကြံအစည်တော်အတိုင်း ဆရာကြီး အတွက် ချောမောလှပသော ဆရာမ ၀ုန်ဇညောင်း(Vung Za Niang)ကို ဘ၀ကြင်ဖော်အဖြစ် ပြင်ဆင်ပေးခဲ့ သည်။ ထိုအချိန်က ဆရာမသည် အစိုးရကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ဆရာကြီး၏ ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသင်းသူတစ်ယောက်လည်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တဖြည်းဖြည်းရင်းနှီးလာသည် နှင့်အမျှ ၁၉၇၉ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် လက်ထပ် ထိမ်းမြားခဲ့ကြသည်။

မိသားစု
ဆရာကြီးတို့ ဇနီးမောင်နှံကို ဘုရားသခင်က သားသမီး ၃ယောက် အားဖြင့်ကောင်းချီးပေးခဲ့သည်။ သမီးကြီး ဒိမ့်စန့်လွန်း (Dim San Lun)၊ သားကြီး ၀ုန့်ဆွင့်ခိုင်(Vungh SuanKhai)နှင့် သားငယ် ဇမ်ရှင်းမုန်(Zam Sian Mung) တို့ဖြစ်သည်။ ဆရာမလည်း ဆရာကြီးနှင့်အတူအမှုတော်မြတ်၌ ပါဝင်လာသည့်အပြင် ယခုတွင် အမေရိကန်နိုင်ငံရှိ၊ Tulsa မြို့၊ Full Gospel Assembly, Tulsa Churchတွင် သင်းအုပ်ဆရာအဖြစ်အား ဦးဆောင်နေပါသည်။ ဘုရားသခင်ကို ချစ်သောမိသားစု ဘ၀၌ပျော်ရွှင်ကြသည်။ ဆရာကြီးက သူ၏ မိသားစုကို ῝ ဘုရားသခင်နှင့် အတူ လျှောက်လှမ်းသောမိသားစု ῎  ဟု ခေါ်ချင်နေမိသည်။

ကျမ်းစာကျောင်းတက်ခြင်း
ဆရာကြီးတို့ နှစ်ဦးလက်ထပ်ပြီး တစ်နှစ်အကြာတွင် ဘုရားသခင်သည် ဆရာကြီးကို အိန္ဒိယနိုင်ငံသို့ ကျမ်းစာကျောင်းတက်ရန်လမ်းဖွင့်ပေးခဲ့သည်။ ထိုအချိန်က နိုင်ငံခြားသို့ သွား၍ ဓမ္မပညာဆည်းပူးရန် ဟူသည် အလွန်ခက်ခဲသည်။ ထို့ကြောင့် မရ ရသည့် နည်းလမ်းဖြင့်သွားရောက် စွန့်စားခဲ့ရသည်။ တောထဲတွင် ၅ ရက်တာ ခြေလျင်ခရီးဖြင့် ခက်ခဲပင်ပန်းစွာ သွားခဲ့ရသည်။ ဆရာကြီးသည် ထိုကျောင်းတွင် ၂ နှစ် ပညာသင်ပြီးနောက် ဆရာ မညောင်းကို ခေါ်ရန် ခေတ္တ ခဏပြန်လာခဲ့သည်။ ထိုမှ သူတို့နှစ်ဦး ၅ရက်တာခြေလျင်ခရီးဖြင့် ပြန်သွားခဲ့သည်။ ဤခရီးသည် ဆရာကြီးတို့ နှစ်ဦးအတွက် ယုံကြည်ခြင်းဖြင့် စွန့်စားရသော ခရီးဖြစ်ခဲ့သည်။ အလွန် ခက်ခဲကြမ်းတမ်း၍ လုံခြုံမှုမရှိသည့် လမ်းခရီး ဖြစ်သော်လည်း ဘုရားသခင်၏ ခေါ်ခြင်းတရား အတွက် ဇွဲ၊ လုံ့လ မလျှော့ဘဲ ကြိုးစား ရပ်တည်ခဲ့ရသည်။ နိုင်ငံကူး လက်မှတ်မရှိ၊ ပိုက်ဆံမရှိ၊ ထောက်ပံ့မည့်သူ မရှိသည့် အခြေအနေတွင် ဆရာကြီးတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယုံကြည်ခြင်းကို ဘုရားသခင်၌သာ ထားရှိရန်နှင့်  သူ၏ အံသြဖွယ်ကောင်းသော ထောက်ပံ့မှုကို စောင့်ဆိုင်းရန်သာဖြစ်ခဲ့သည်။

ထိုသို့ ကျမ်းစာကျောင်း တက်နေစဉ် ဘုရားသခင်က ဆရာကြီးကို ရူပါရုံအားဖြင့် စကားပြောလာသည်။ ῝ မြန်မာနိုင်ငံသည် သခင်ယေရှုကို ဗဟိုပြုသောနိုင်ငံ ဖြစ်လိမ့်မည် ῎ ဟူ၍ ဖြစ် သည်။ အခြေအနေ အရ ထိုရူပါရုံသည် ယုံကြည်ရ ခက်ခဲလှသဖြင့် ဆရာကြီး၏ ဇာတိ အသွေးအသားက အဆိုပါ ရူပါရုံကို ဆန့်ကျင်ရန် ဆင်ခြင်ရှာမိသေးသည်။ ဆရာကြီး၏ ဇာတိစိတ်နှင့် သံသယတို့ကို ပတ်ဝန်းကျင် အခြေအနေကလည်းထောက်ခံနေ သလို ဖြစ်ခဲ့သည်။ အကြောင်းမှာ ထိုအချိန်က မြန်မာနိုင်ငံတွင်ရှိသော ယုံကြည်သူ ခရစ်ယာန်သည် ပမာဏအားဖြင့် နည်းလွန်းလှ၍ ဖြစ်သည်။ သို့သော် ဆရာကြီးသည် ဆုတောင်းရင်း῝ ဒီအရာက ဘယ်လိုဖြစ်နိုင်မလဲ ῎ ဟုဘုရားသခင်ကို မေးခွန်းထုတ်ခဲ့သည်။ ထိုအခါ ဘုရားသခင်က῝ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည် ῎ဟုအဖြေပေးခဲ့သည်။ဤသို့ဖြင့် ဆရာကြီးသည် ဘုရားသခင် က နည်းလမ်းများ ပြင်ဆင်ပေးရန် အတွက်ထိုနှစ်တစ်နှစ်လုံး၌ ဆက်လက် ဆုတောင်းခဲ့သည်။

ထိုအခါ ဘုရားသခင်သည် ဆရာကြီးအား မြန်မာနိုင်ငံကို ခရစ်တော်၏ဧ၀ံဂေလိတရားဖြင့် လှုပ်ခတ်နိုင်ရန် အတွက် နိုင်ငံ၏ မြို့တော်ကို ပထမဆုံး လှုပ်ခတ်ရန် လိုအပ်သည်ဟု ရှင်းလင်းတိကျစွာ ဖော်ပြလာခဲ့သည်။ ယေဘုယျအားဖြင့်နိုင်ငံရေး၊ စီးပွားရေးနှင့် ၀ိညာဉ်ရေး ထိုးဖောက်မှု ရရန်အတွက်မြို့တော်များသည် အလွန်အရေး ကြီးသော နေရာဖြစ်သည်။သို့ဖြစ်၍နိုင်ငံ၏မြို့တော်၌ ခရစ်တော်ကို ကိုးစား၍ သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသောလူတစ်သောင်း အနည်းဆုံး ရှိရန်နှင့် ခရစ်တော်၏ ဧ၀ံဂေလိ တရားအတွက်အမှန်တကယ် စိတ်ဆန္ဒပြင်းပြသော အသင်းသားရှိသည့် ခွန်အားကြီးသော အသင်းတော်တည်ထောင်ရန် ဖြစ်သည်။

ထိုတောက်လောင်နေသည့် ယုံကြည်သူများ အားဖြင့်နိုင်ငံတစ်ခုလုံး၌ နှိုးထမှုမီး ထွန်းတောက်လာမည် ဖြစ်သည်။ မြို့များ၊ရွာများသည် ခရစ်တော်ထံ ရောက်ရှိလာပြီး တိုင်းနိုင်ငံ တစ်ခုလုံး၌ အသင်းတော်များ တည်ထောင်ခြင်း အားဖြင့် ထောင်ပေါင်းများစွာသော လူများသည်ခရစ်တော်၏ ကယ်တင်ခြင်းဆိုင်ရာ အသိပညာများကို ရရှိလာမည် ဖြစ်သည်။

ဘုရားသခင်သည် ဆရာကြီးအား နောက်ထပ် အချက်တစ်ချက်ကို တိတိကျကျပြောခဲ့သည်။ ၎င်းမှာ သူတစ်ပါး လုပ်ဆောင်အောင်မြင် ပြီးသား အရာပေါ်တွင်အခန့်သင့်ဝင်ပြီး လုပ်ဆောင်ရန် မဟုတ်ဘဲ အသစ်သော အဖွဲ့အစည်းကို စတင်ရန်ဖြစ်သည်။ ရောမ ၁၅း၂၀ တွင် ပေါလုသည် သူတစ်ပါး တည်ဆောက်ပြီးသားအုတ်မြစ်ပေါ်တွင် ထပ်မဆောက်ဘဲ ခရစ်တော်ကို မသိသေးသော သူများထံ၌သာ ဧ၀ံဂေလိတရား ဟောပြောရန် စိတ်အားထက်သန်ကြောင်း ဖော်ပြသည်။ ဆရာကြီး အနေနှင့် လည်း ဘုရားသခင်ပြောသည့် လမ်းညွှန်ချက်၊ ရူပါရုံနှင့် အကြံအစည်တော်အတိုင်း လုပ်ဆောင်ရန် ဆန္ဒပြင်းပြခဲ့သည်။

စိန်ခေါ်မှုနှင့်တွေ့ကြုံရခြင်း
ဆရာကြီးတို့ ဇနီးမောင်နှံသည် ၁၉၈၄ ခုနှစ်တွင် Southern Asian Bible College မှ ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရန်ကုန်မြို့သို့ ချက်ချင်းမသွားသေးဘဲ ထုတ်လိုင်ရွာ၌ပင် ဆက်လက်အမှုတော်ဆောင်ခဲ့ကြသည်။ ကျောင်းတက်နေစဉ် အတွင်းက ဘုရားသခင် ပေးထားသည့် ရူပါရုံအကြောင်းကို ၁၉၈၇ ခုနှစ်ကျမှ သူတပါးထံ ပြောထုတ်ခဲ့သည်။ ၎င်းသတင်းကို ရန်ကုန်မြို့၌ နေထိုင်သည့် ဒေါ်ဇမ်းကျိန်က ကြားရသောအခါ သူ၏နေအိမ်၌ အသင်းတော် စတင်ရန် ဆရာကြီးကို ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းချက်အရ ဆရာကြီးတို့ မိသားစုသည် ရင်ခုန်စွာဖြင့် ရန်ကုန်ခရီးစဉ်ကို စတင် ခြေလှမ်းလှမ်းခဲ့သည်။ ထိုသို့ ထွက်ခွာသည့်အချိန်တွင် ဆရာကြီးတို့တွင် ငွေကြေး အနည်းငယ်သာ ရှိခဲ့သည်။ မန္တလေးမြို့သို့ ရောက်သောအခါ ဆိုရှယ်လစ်အစိုးရက ငွေကြေးတချို့ကိုတရားဝင်ငွေ အဖြစ်မှ ရပ်စဲလိုက်သည့် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ဆရာကြီးတို့တွင် ပါလာ သည့် ငွေကြေးအားလုံး ညတွင်းချင်းပင် တရားမ၀င်ငွေဖြစ်သွားခဲ့သည်။ ဆရာကြီးသည် ဘာလုပ်ရမှန်း မသိလောက်အောင်စိတ်ပျက်သွားခဲ့သည်။ သို့သော် ထိုညတွင် ဘုရားသခင်သည် သူ့အား မဿဲ၁၆း၁၈ အားဖြင့် စကားပြောခဲ့သည်။ ၎င်းမှာ ῝ ဤကျောက်ပေါ်မှာ ငါ့အသင်းကိုငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ῎ ဟူ၍ဖြစ်သည်။ ထို့နောက် သခင်ယေရှုက ῝ ငါ့အသင်းကို ငွေကြေးပေါ်မှာ တည်ဆောက်မယ်လို့ ငါပြောခဲ့သလား ῎ ဟုမေးသည်။ ဆရာကြီးက ῝ မပြောခဲ့ပါဘူး ῎ဟုပြန်ဖြေသည်။ သခင်ယေရှုက သူ့အသင်းကို ဤကျောက်ပေါ်မှာ ဆောက်မည်ဟုသာ ပြောခဲ့သည်။ ῝ဤကျောက် ῎  ဆိုသည်မှာ သခင်ယေရှု ကိုယ်တိုင်ပင် ဖြစ်သည်။ တဖန် ဘုရားသခင်က ဆရာကြီးကို ῝ ခရစ်တော်၌သာ တည်နေပါ၊သခင်ယေရှုခရစ်တော်၌သာ တည်နေပါ၊ ငါ့အသင်းကို ငါကိုယ်တိုင် တည်ဆောက်မည် ῎ ဟူ၍ဆက်ပြောခဲ့သည်။
ထို့အပြင် ῝ ကနဦး အသင်းတော်တွေ တည်ဆောက်တုန်းကတမန်တော်တွေမှာ ပိုက်ဆံ ဘယ်လောက်ရှိလို့လဲ  ῎ ဟု  ဆရာကြီးကိုဆက်မေးခဲ့သည်။ ထိုအခါ ဆရာကြီးသည် တမန်တော်ဝတ္ထု အခန်းကြီး ၃ တွင်ဖော်ပြသော တင့်တယ်တံခါးဝတွင် တောင်းစားနေသည့် ခြေမသန်သူလူတစ်ယောက်နှင့်  ပေတရုနှင့် ယောဟန်တို့ အကြောင်းကို သတိရသွားသည်။ ထိုခြေမစွမ်းသော သူက ပိုက်ဆံတောင်းသော အခါ ပေတရုက သူတို့မှာရွှေ ၊ငွေ မရှိသည့် အကြောင်း ၊ သို့သော် သူတို့မှာ ရှိသော အရာကိုပေးမည်ဖြစ်ကြောင်း၊ နာဇရက်မြို့သား ယေရှုခရစ်၏နာမ၌ လမ်းလျှောက်ပါဟု အမိန့်ပေးခဲ့သည်။ ထိုအခါ ခြေမစွမ်းသူမှာ ခုန်ပေါက်လျက်လမ်းလျှောက်ပါတော့သည်။ ထိုနိမိတ်လက္ခဏာကြောင့် လူပေါင်း ငါးထောင်ကျော်သည်ကယ်တင်ခြင်း ရရှိခဲ့သည်။

ဘုရားသခင်သည် ထိုအမှန်တရားကို ဆရာကြီး၏ နှလုံးသားထဲ၌ထည့်ပေးပြီး သူ၏ အကြံအစည်တော်အတွက် ယုံကြည်ခြင်းကို မွေးဖွားပေးခဲ့သည်။ အသင်းတော်ဟူသည် ငွေကြေးအားဖြင့် တည်ဆောက်၍ ရသော အရာမဟုတ်ဘဲ သခင်ယေရှုနာမ၏တန်ခိုးတော်နှင့် ဘိသိက်ပေးမှုကို အသုံးပြုခြင်းအားဖြင့်သာတည်ဆောက်နိုင်သည်။

နောက်ဆုံးတွင် ဘုရားသခင်သည် ဆရာကြီးအား ῝ ငါ့အသင်းကိုငါတည်ဆောက်မယ်၊ သင်ဆောက်ရမှာ မဟုတ်ဘူး၊ ခရစ်တော်၌သာ တည်နေပါ၊ ငါခိုင်းသမျှ အရာတွေကို ယုံကြည်ခြင်းနှင့် နာခံခြင်းဖြင့်လုပ်ပါ ῎ဟုပြောခဲ့သည်။ ဘုရားသခင်သည် ဆရာကြီးကို သူ၏ သစ္စာတရားဖြင့် သွန်သင်ပြီးရှုပ်ထွေးနေသည့် အချိန်များတွင် ခွန်အားပေးခဲ့သည်။ ဤသို့ဖြင့် ဆရာကြီးတို့မိသားစုသည် ဘုရားသခင်၏ အကြံအစည်တော်ထဲတွင် လှုပ်ရှားရန်အတွက်
ရန်ကုန်မြို့သို့ ဆက်လက်ခရီးနှင် ခဲ့ကြသည်။

အသင်းတော်စတင်ခြင်း
၁၉၈၇ ခုနှစ် ၊ စက်တင်ဘာလ(၁၃) ရက်နေ့တွင် ဆရာကြီးတို့မိသားစုနှင့် အခြား ယုံကြည်သူတချို့တို့သည် နူးဇမ်းကျိန(Nu Zam Cing)၏ အိမ်၌၀တ်ပြုကိုးကွယ်ခြင်း စတင်ပြုလုပ်ခဲ့သည်။ ဤ၀တ်ပြုကိုးကွယ်ခြင်းသည်ယခု Full Gospel Assembly ဟု လူအများ သိနေကြသည့် အသင်းတော်၏ နှိမ့်ချစွာအစပြု ၀တ်ပြုကိုးကွယ်ခြင်းပင် ဖြစ်သည်။ အသင်းတော်ငယ်လေး ဖြစ်သော်လည်း သန့်ရှင်းသော ၀ိညာဉ်တော်၏ဘိသိက်ပေးမှု အတူပါရှိသောကြောင့် ၀တ်ပြုအစည်းအဝေး၌ အံ့သြဖွယ်ရာနိမိတ်လက္ခဏာများ၊ အနာရောဂါ ငြိမ်းခြင်းများ၊ နတ်ဆိုး၏ ခြေနှောင်မှုမှ လွတ်မြောက်ခြင်းနှင့် ၀ိညာဉ်တော်၌ ၀မ်းမြောက်ခြင်းများ ကြုံတွေ့ခံစားခဲ့သည်။ ၀ိညာဉ်တော်၏ ရှင်းလင်းသော ဖော်ပြချက်တို့ကိုလည်း ခံစားရရှိခဲ့ကြ၏။

ထိုကာလတွင် ဘုရားသခင်ကို အသံကျယ်ကျယ်နှင့် ၀မ်းမြောက်စွာချီးမွမ်းကိုးကွယ် ကြသောကြောင့် အိမ်နီးချင်းတို့၏ ခဲနှင့်ပေါက်ခြင်းကို မကြာခဏ ခံရခဲ့ကြသည်။ သူတို့သည် အသင်းတော်ကို ဖယ်ရှားလိုကြသည်။ အကြိမ်ပေါင်းများစွာ ကျောက်ခဲများနှင့် တုတ်များကို ကိုင်ဆောင်၍အသင်းတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ချီးမွမ်းကိုးကွယ် ၀တ်ပြုခြင်း မပြုလုပ်တော့ရန် အတွက် ဆရာကြီးသည် အကြိမ်ကြိမ် လက်မှတ်ထိုးခဲ့ရပြီး ရပ်ကွက် လူကြီး များနှင့်လည်း မကြာခဏညှိနှိုင်းခဲ့ရသည်။ အထူးသဖြင့် စနေနေ့ရောက်တိုင်း ကြောက်ရွံ့ခြင်းသည်ဆရာကြီးထံ အမြဲဝင်ရောက်လာခဲ့သည်။ အကြောင်းမှာ တနင်္ဂနွေနေ့ ၀တ်ပြုအစည်းအဝေးတွင် ဘာများဖြစ်ဦးမလဲ ဟူသည့်အတွေးက ဆရာကြီးကိုစိုးရိမ်ခြောက်ခြား စေခဲ့သောကြောင့် ဖြစ်သည်။ တစ်ခုသော စနေနေ့မနက်တွင် ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆရာကြီးကို စကားပြောခဲ့သည်။ ῝တောခွေးစုထဲသို့သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏ ῎  ဟူသည့် သခင်ယေရှု၏ စကားကို ပြန်လည် သတိရစေခြင်းဖြစ်သည်။ ယေရှုပြောသည့် တောခွေးတို့၏ နှိပ်စက်တတ်သော သဘောသဘာဝကို ဆရာကြီး ကောင်းစွာ သဘောပေါက်ခဲ့သည်။သူတို့သည် သိုးများကို စားမည်။ တိုက်ခိုက်မည်။ သတ်ဖြတ်မည်သာ ဖြစ်သည်။ တစ်ဖန် ဘုရားသခင်က ဆရာကြီးကို῝ဧ၀ံဂေလိ တရားအတွက် ဆိုရင်ဘယ်လို အဖိုးအခ ပဲ ဖြစ်ဖြစ်  ပေးဆပ်လိုပါတယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ အခုဘာဖြစ်လို့ ပတ်ဝန်းကျင် အခြေအနေကြောင့် ကြောက်ရွံ့နေတာလဲ ῎ ဟု စကားပြောခဲ့သည်။ ဤစကားသည် ဆရာကြီး၏ နှလုံးသားကို အသစ်တစ်ဖန်စိန်ခေါ်ခဲ့သည့် စကားဖြစ်သည်။

ထို့နောက် ဆရာကြီးသည် ဘုရားသခင်ထက် ပတ်ဝန်းကျင်အခြေအနေများကို ပို၍ အာရုံစိုက်မိခဲ့သည့် မိမိ၏ အပြစ်များကို ၀န်ချတောင်းပန်ခဲ့သည်။῝ကိုယ်တော်၊ ကိုယ်တော်သည် အပြစ်မရှိဘဲနှင့်ကျွန်တော့် အပြစ်အားလုံး ကိုယ်စား ရိုက်နှက်ခြင်း၊ နာကျင်ခြင်းနှင့်သေခြင်းကို ယူသွားပြီးပါပြီ။ အပြစ်ရှိသော ကျွန်တော်သည် သေခြင်းကိုဘာကြောင့် ကြောက်ရမည်နည်း ῎ဟု ပြန်လည် ဆက်ကပ်ခဲ့သည်။ ထိုအချိန်မှစ၍
ဆရာကြီးသည် သူ့ကို အလွန် ဒုက္ခရောက်စေသည့် ကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်းကို ထူးဆန်းစွာ ရရှိခဲ့သည်။

လစဉ်(၁၀)ရက် အစာရှောင်ဆုတောင်းခြင်း
ထိုသို့ ရန်ကုန်မြို့စွန်၌ ၀တ်ပြု အစည်းအဝေး ပြုလုပ်သည့် ကာလအတွင်း ညှင်းပန်းနှိပ်စက်မှုများ မကြာခဏ ကြုံတွေ့ခဲ့ရသည့် အတွက်မြို့လယ်၌ အသင်းတော်ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့ကြသည်။ တက်ရောက် ပါဝင်ကြမည့်ယုံကြည်သူများ အတွက်လည်း သွားရေးလာရေးမှာ ပို၍ အဆင်ပြေလာမည် ဖြစ်သည်။ ထိုအချိန်က လူ ၅၀ ဆန့်မည့် တိုက်ခန်းတစ်ခန်း ဌားရမ်းရန် အတွက်တစ်သိန်းခွဲခန့် လိုအပ်သည်။ ဤငွေပမာဏသည် အသင်းတော်၏ တတ်နိုင်သည့်အတိုင်းအတာထက် များစွာ ကျော်လွန်ခဲ့သည်။ အကြောင်းမှာ တနင်္ဂနွေနေ့တွင် အလှူငွေ ၁၀၀ ကျပ်ခန့်သာ ရရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်သိန်းခွဲခန့်သည် အသင်းတော်အတွက် တောင်ကြီးအလားဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်သည် တောင်များကို ရွေ့စေသောသူ ဖြစ်သည်။ သူ့ကို ယုံကြည်ခြင်းအားဖြင့် ဤငွေကြေး တောင်ကြီးရွေ့သွားမည်ဟု ယုံကြည်ခဲ့ကြသည်။

ထိုအချိန်မှစ၍ အသင်းတော်၌ (၁၀) ရက် အစာရှောင်ဆုတောင်းခြင်းကို စတင်ပြုလုပ် ခဲ့ကြသည်။ ဤကဲ့သို့ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် တစ်ခုခုကို လုပ်ဆောင်ပေးမည်ဟု ယုံကြည်ခဲ့ကြသည်။ ဘုရားသခင်သည် Jehovah Jireh ဖြစ်သည့်နည်းတူ ယုံကြည်သူများ၏ လိုအပ်ချက်အားလုံး ပြည့်စုံစေရန် တတ်နိုင်သောသူ ဖြစ်သည်။ နောက်တစ်လတွင်လည်း ῝တောင်းလော့၊ တောင်းလျှင် ပေးမည် ῎ ဟူသည့်
ကတိတော်ကို စွဲကိုင်ရင်း နောက်ထပ် (၁၀) ရက် အစာရှောင် ဆုတောင်းခဲ့ကြသည်။ သို့သော် ဘာမှ ထူးခြားမလာသေးပေ။ တတိယလ ကုန်သွားပြီ။ ထူးခြားမှု မပြသေး။ သို့သော် ယုံကြည်ခြင်းဖြင့် ဆက်လက်ဆုတောင်း ခဲ့ကြသည်။ စတုတ္ထလ တွင်လည်း ထိုးဖောက်မှု မရရှိသေးချေ။ ဆက်လက်၍ ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့ ကြသည်။ ငွေကြေးလိုအပ်ချက် အဆင်မပြေ သေးသော်လည်း ဘုရားသခင်၏ မျက်မှောက်တော်၌ ယုံကြည်ခြင်း တိုးပွားလာပြီး ကောင်းကြီး ရရှိကြသည်။ ပဉ္စမလ၊ ဆဌမလ အထိ အဖြေမရရှိသေး သော်လည်း အဖြေရသည့်အထိ ဆုတောင်းခြင်းကို ရပ်တန့်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆဌမလ၏ အစာရှောင်ဆုတောင်းခြင်း ပြီးဆုံးပြီးနောက် ဆရာကြီးသည် မန္တလေးမြို့ရှိ အသင်းတော်တစ်ပါး၌ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း သင်တန်းပို့ချရန် သွားရောက်ခဲ့သည်။ သင်တန်းအပြီး အိမ်ပြန်ခါနီးတွင် နှစ်ခြင်းမိသားစု တစ်စုက ဆရာကြီးကို ဖိတ်ခေါ်ခဲ့သည်။ သူတို့ မိသားစုကို ဆုတောင်းပေးပြီးနောက် အိမ်ရှင်မိသားစုကလည်း ဆရာကြီး၏ အသင်းတော်အတွက် ငွေကြေးလိုအပ်ချက်ကို ဆုတောင်းပေးခဲ့သည်။

အတန်ကြာ ဆုတောင်းကြပြီးနောက် အိမ်ရှင်က ဆရာကြီးကို ῝ ပိုက်ဆံဘယ်အချိန်မှာ လိုအပ်မလဲ ῎ ဟု မေးသည်။ ဆရာကြီးက῝အခုလိုနေတာ ῎  ဟုပြန်ဖြေသည်။ ထိုအခါ အိမ်ရှင်က ῝ ဆရာ့ကို ဆုတောင်းပေးပြီးချင်း ဆရာ့အသင်းတော် အတွက် လိုအပ်တဲ့ တစ်သိန်းခွဲကို ကျွန်တော်ပေးနိုင်မယ်လို့ယုံကြည်တယ်။ လောလောဆယ် ကျွန်တော့်ဆီမှာ ငွေသားမရှိပေမဲ့ အိမ်နှင့် ကားကို ရောင်းလို့ရပါတယ်။ ခရစ်တော်ရဲ့ အသင်းတော်ဟာ ကြီးမားတဲ့ အခက်အခဲ့မရှိသင့်ပါဘူး။ နောက် (၁၀) ရက်လောက်မှာ ပိုက်ဆံလာယူပါ ῎ ဟုပြန်ပြောခဲ့သည်။ (၁၀) ရက် အကြာတွင် အသင်းတော် အတွက် လိုအပ်သည့် တစ်သိန်းခွဲကို အမှန်တကယ် ရရှိခဲ့သည်။ ဘုရားသခင်သည် ယုံကြည်သူများ၏ ဆုတောင်းချက်များကို အဖြေပေးရန်သစ္စာရှိသော ဘုရားဖြစ်သည်။ ဤ အရာသည် အသင်းတော်အတွက် ဘုရားသခင်၏ ပထမဆုံးအံ့သြဖွယ် ထောက်ပံ့မှုနှင့် ဆရာကြီးအတွက်လည်း ထိုမျှလောက် ကြီးမားသော ငွေကြေးပမာဏကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်တော့သည်။ ဤငွေကြေးသည် ဆရာကြီး၏ ယုံကြည်ခြင်းအတွက် မှတ်ကျောက်တစ်ခု ဖြစ်သည့်အပြင် အသင်းတော် သမိုင်းအတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့သည်။ ဆရာကြီးသည် မန္တလေးမှ ငွေကြေးယူဆောင်လာပြီး အသင်းတော်သို့ ပြန်လာချိန်တွင်း သူ၏ နှလုံးသားထဲ၌ ၀မ်းမြောက်ခြင်း ပြည့်လျှံနေပြီး ပါးစပ်မှလည်း ဘုရားသခင်ကို တတွတ်တွတ် ချီးမွမ်းခဲ့သည်။ ချက်ချင်းပင်အသင်းတော် အတွက် တိုက်ခန်းတစ်ခန်းကို ဌားလိုက်သည်။ တန်ခိုးကြီးသော အစာရှောင် ဆုတောင်းခြင်း၏ ချိုမြန်မှုကို သိရှိပြီး အံ့သြဖွယ် ကောင်းသည့် အတွေ့အကြုံ ရရှိပြီးနောက် အသင်းတော်၌ အစာရှောင် ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ယနေ့အထိ Full Gospel Assembly အသင်းတော်သည် လ၏ ပထမ (၁၀) ရက်တွင် အမြဲအစာရှောင်ဆုတောင်းလျက် ရှိသည်။

အစာရှောင်ဆုတောင်းခြင်းသည် အသင်းတော်၏ ၀တ်ပြုကိုးကွယ်ခြင်း၌ ဘုရားသခင်၏ မျက်မှောက်တော်နှင့် ဘိသိက်ခြင်း သက်ရောက်ရန် အရေးကြီးသည့် အရာဖြစ်သည်။ စည်းလုံးမှုကို တည်ဆောက်စေပြီး ဘုရားသခင် အတွက် ပြင်းပြသောဆန္ဒနှင့် ဧ၀ံဂေလိ တရားအတွက် ၀န်တာ ရှိစေရန်လည်း ခွန်အားပေးခဲ့သည်။ ထို့အပြင် အသင်းသား ၅ ယောက် ခန့်နှင့် စတင်ခဲ့သော အသင်းတော်သည် ယခု (၂၆) နှစ် အကြာတွင် အသင်းသား ( ၅၀၀၀) ကျော် တိုးပွားလာခြင်းနှင့် အချိန်ပြည့် အမှုတော်ဆောင် (၇၈) ဦး ရှိခြင်းသည်လည်း အစာရှောင် ဆုတောင်းခြင်း၏ အသီးအပွင့်ပင် ဖြစ်သည်။ အသင်းတော်၌ (၁၀) ရက် အစာရှောင် ဆုတောင်းခြင်း အပြင် အမျိုးသမီးအဖွဲ့၊ Sunday School အဖွဲ့နှင့် လူငယ်အဖွဲ့ တို့၏ အစာရှောင် ဆုတောင်းခြင်းကိုလည်း လစဉ် ပြုလုပ်လျက် ရှိသည်။ အစပိုင်းတွင် အစာရှောင်ဆုတောင်းခြင်း၌ ၄၊ ၅ ယောက်သာ ပါဝင်ကြသော်လည်း ယခုအချိန်တွင် အစာရှောင်ဆုတောင်းခြင်း၏ တန်ခိုးကို လူအများနားလည် သဘောပေါက်လာကြသဖြင့် လစဉ်လူများစွာ လာရောက် ဆုတောင်းကြသည်။ တိုင်းနိုင်ငံနှင့် လူများစွာ ကောင်းကြီးရကြစေရန် ပိုက်လိုင်းသဖွယ် ဆက်သွယ်ပေးသည့် ဆုတောင်းသူရဲကောင်းများ အားဖြင့် ဘုရားသခင်သည် အသင်းတော်ကို တည်ဆောက် ကောင်းကြီးပေးလျှက်ရှိသည်။

အသင်းတော်၏ ဌာနများ

ဘုရားသခင်၏ သာသနာတော် သာ၍ ကျယ်ပြန့်ရန်နှင့် ယုံကြည်သူများ ခရစ်ယာန် အသက်တာ၌ ရင့်ကျက်ကြီးထွား နိုင်ရန်အတွက် အသင်းတော်၌ ဧ၀ံဂေလိနှင့် သာသနာပြုဌာန၊ ကလေးသာသနာပြုဌာန၊ လူငယ်သာသနာပြုဌာန၊ အမျိုးသမီးဌာန၊ စာပေဌာန၊ မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဌာန၊ တေးဂီတဌာန၊ လူမှုရေးဌာနနှင့် ဓမ္မပညာဌာန တို့ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။

ကျမ်းစာကျောင်းဖွင့်လှစ်ခြင်း (FGBTC)
ဘုရားသခင်သည် ခရစ်တော်အတွက် သူရဲကောင်း များစွာကိုမွေးထုတ်ပေးသည့် Full Gospel Bible Training Centre ကျမ်းစာကျောင်းကို ၁၉၉၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခွင့် ပေးခဲ့သည်။ ကျောင်းကို ဒီပလိုမာချီးမြှင့်သည့် ကိုးလ သင်တန်းအဖြစ် စတင်ခဲ့သည်။ ယခုအခါ ဤကျောင်းမှ မွေးထုတ်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများသည် အမှုတော်မြတ်တွင် စွမ်းစွမ်းတမံ လုပ်ဆောင်နေကြပြီ ဖြစ်သည်။တစ်ဖန် အမှုတော်မြတ်တွင် လက်တွေ့ကျကျ ပါဝင်လုပ်ဆောင်မည့်ရှေ့ပြေး သူရဲကောင်းများကို မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၉ ခုနှစ် မှစ၍ Full Gospel School of Mission ကျမ်းစာကျောင်းကို ဒုတိယနှစ် သင်တန်းအဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။

ဧ၀ံဂေလိနှင့် သာသနာလုပ်ငန်း
နိုင်င်ငံတစ်ဝန်းလုံးကို ဧ၀ံဂေလိတရားဖြင့် ထိတွေ့၍ အသင်းတော်သစ်များ တည်ထောင်ရန်အတွက် အသင်းတော်သည် ဧ၀ံဂေလိနှင့် သာသနာလုပ်ငန်းကို အထူးအလေးပေး လုပ်ဆောင်လျက် ရှိသည်။ ယခုအခါ စစ်ကိုင်း၊ မြင်းမူ၊ မန္တလေး၊ ကျောက်ဆည်၊ မြစ်သား၊ တောင်ကြီး၊ လားရှိုး၊ ကျောက်မဲ၊ ရပ်စောက်၊ ပုသိမ်၊ သံတွဲ၊ ကော့သောင်း၊ ကလေး၊ ဆိုင်းဇန်၊ နန်းဟံနွဲ၊ ကလော၊ သီပေါ၊ တန့်ယန်း၊ ကျိုင်းတုံ၊ မူဆယ်၊ အောင်ပန်း၊ လက်ပံလှ၊ ပုဂံ၊ ပြင်ဦးလွင်၊ ခန္တီး၊ ဇိုဇန်၊ လွန်းမွာလ်၊ ဒါလ်ခိုင်း၊ တွီးစန်ဇန်၊ သပြုချိုင်၊ မြစ်ကြီးနား၊ ထူးကြီး၊ ပဲခူး၊ ဂန့်ဂေါ၊ အမေရိက၊ စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ စသည့် သာသနာနယ်(၃၄)နေရာကို အခြေပြု၍ သာသနာပြုလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။ Revival Fire Team ဟူသည့် နယ်လှည့် ဧ၀ံဂေလိ အဖွဲ့ကို ဖွဲ့စည်းပြီး တစ်နယ်ပြီးတစ်နယ် သွားရောက်၍ ဧ၀ံဂေလိတရား ဟောပြော ဝေဌကြသည်။ ဤအဖွဲ့အားဖြင့် လူပေါင်းများစွာသည် ခရစ်တော်၏ ကယ်တင်ခြင်းကို ယုံကြည်လက်ခံလျက် ရှိသည်။ ရန်ကုန်နယ်နိမိတ် အတွင်း ဧ၀ံဂေလိ လုပ်ဆောင်ရာ၌ လည်း အပတ်စဉ်စနေနေ့တိုင်းတွင် အမှုတော်ဆောင်များနှင့် ကျမ်းစာကျောင်းသူ/ ကျောင်းသား များသည် နေရာဒေသ (၂၄) နေရာကို အခြေပြု၍ ဧ၀ံဂေလိ ဟောပြောလျက် ရှိပြီး၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တိုင်း ဧ၀ံဂေလိနယ်မြေများရှိ ယုံကြည်သူများကို Follow up ပြန်လုပ်ပါသည်

အသင်းတော်၏ ၀တ်ပြုကိုးကွယ်ခြင်း
အသင်းတော်၌ တနင်္ဂနွေနေ့ ၀တ်ပြု အစည်းအဝေးကို မြန်မာအစီအစဉ်၊ ချင်းအစီအစဉ်၊ အင်္ဂလိပ်အစီိအစဉ် ဟူ၍ သုံးချိန်ခွဲ့ပြီး ၀တ်ပြုကိုးကွယ်လျက်ရှိသည်။ စနေနေ့တိုင်းတွင်လည်း အမျိုးသမီး ၀တ်ပြုစည်းဝေး၊လူငယ်ဝတ်ပြုစည်းဝေး နှင့် တမီးလ်ဘာသာဖြင့် ၀တ်ပြုစည်းဝေး တို့ကိုပြုလုပ်လျက် ရှိသည်။

no comment

Add your comment

Your email address will not be published.