အသုံးတော်ခံ

“သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ် တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏၊၊ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အိုးထိန်းဖြစ်ပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။(ဟေရှာယ ၆၄း၈)

တစ်ခါတုံးက အဖိုးအို တစ်ယောက်နဲ့ အဖွားအို တစ်ယောက်တို့ဟာ သူတို့ရဲ့ မြေးကလေးကို မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ ဆိုင်တစ်ဆိုင်ထဲဝင်လာကြတယ်။ အဖွားအိုက လှလှပပ ပြုလုပ်ထားတဲ့ ပန်းအိုးလေး တစ်လုံးကို တွေ့တော့ အဖိုးအို ကို ပြောလိုက်တယ်။

“ကြည့်စမ်းပါအုံး..ဒီ ပန်းအိုးကလေး လှလိုက်တာ၊ ကျွန်မတွေ့ဘူးသမျှပန်းအိုး ထဲမှာ တော့ အလှဆုံးဘဲ” လို့ပြောတယ်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲ ပန်းအိုးကလေးက အဖွားအိုကို စကားပြန်ပြောတယ် ဆိုဘဲ။ “ကျွန်မကို လှတယ်ပြောလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မဟာ တချိန်လုံး လှပ နေတဲ့သူ မဟုတ်ခဲ့ ပါဘူး” လို့ပြောတယ်။ အဖိုးအိုနဲ့ အဖွားအိုက နားမလည်တဲ့အတွက်ပြန်မေးလိုက်တယ်။ “ဘာကို ဆိုလိုချင်တာလဲ” လို့ ပေါ့ ….။

ပန်းအိုးကလေးက သူ့ရဲ့ ဘ၀ဖြစ်စဉ်တခုလုံး စီကာပတ်ကုံး ရှင်းပြတယ်။ တချိန်တုံးက ကျွန်မဟာ ပန်းအိုးမဟုတ်ပါဘူး၊ ရုပ်ဆိုးပြီး အကျည်းတန်တဲ့ သာမန် ရိုးရိုး မြေကြီးပါ၊ တနေ့ကျတော့ လူတစ်ယောက်ရောက်လာပြီး ပေါက်တူးကြီးနဲ့ ကျွန်မကို တူး ကော်ပြီး ယူသွားတယ်၊ ပေါက်တူးကြီးနဲ့ တူးတဲ့ အချိန်ဆိုရင် နာလိုက်တာမှ၊ လွန်ပါလေရော…ကျွန်မ မိသားစု၊ သူငယ်ချင်း တွေနဲ့လည်း ခွဲခွါခဲ့ရတယ် ကျွန်မတသက်လုံး ပြန်မတွေ့ရတော့ပါဘူး။ ပြီးတော့ ကျွန်မကို ရေထဲမှာ စိမ်ထားပြီး ပျော့အိသွားတဲ့အထိ ပစ်ထားတယ်။ နောက်ပြီး တနေ့ကျတော့ ကျွန်မကို ချာလပတ် လယ်နေတဲ့ အရာတစ်ခု အပေါ်တင်ပြီး ကျွန်မကို လှည့်ပတ်စေတယ်။ ခေါင်းတွေ မူးပြီး ကျွန်မ အလွန်ခံရခက်ခဲ့ပါတယ်။ တော်ပါတော့..တော်ပါတော့ .. လို့ ကျွန်မပြောရင်လည်း အဲဒီလူကြီးက. မပြီးသေးဘူး..မပြီးသေးဘူး လို့ ပြောပြီး ကျွန်မကို လှည့် ပြီးပုံစံ အမျိုးမျိုးဖြစ်အောင် နှိပ်စက်နေတော့တယ်။ ပြီးလည်း ပြီးရော ကျွန်မကို တုတ်ချွန်ကလေး တစ်ခုနဲ့ ထိုးပြီး တစ်ကိုယ်လုံးကို အကွက်ကလေးတွေ ဖြစ်အောင် လုပ်တယ်။ နောက်တော့ ပြီးသွားပြီ အေးအေးဆေးဆေး နေရတော့မယ် ထင်ပေမယ့် ပိုဆိုးလာတယ်။ ကျွန်မကို တအားပူတဲ့ မီးထဲကို ထဲ့ပြီး ဖုတ်တယ်။ ပူလွန်းလို့ ကျွန်မ ရှိရှိသမျှ ခွန်အားနဲ့ တအားအော်ပြီး အကူအညီတောင်းခဲ့တယ်။ ပြီးလည်းပြီးရော အမျိုးသမီးငယ် နှစ်ယောက်က ကျွန်မကို ဆေးရောင် တွေနဲ့ ချယ်ပြီး အလှဆင်တယ်။ အဲဒီ အမျိုးသမီး ငယ် ထဲက တစ်ယောက်က ကျွန်ကို အခုရောက်နေတဲ့ မှန်ဘီရို ထဲကိုထားလိုက်တာပါ။ ကျွန်မကို ကျွန်မ မှန်ထဲမှာ တွေ့လိုက်ရတော့ လှလှပပ ဖြစ်နေတာကို ကျွန်မတွေ့လိုက်ရတယ်။ အဲဒီတုန်းက ဆိုရင် ကျွန်မလေ ပျော်လွန်းလို့ အော်လိုက်မိသေးတယ်။ အဲဒီ အချိန်ကျမှ ကျွန်မနားလည်သွားတယ်… ကျွန်မခံ ခဲ့ရတဲ့ နာကျဉ်ခြင်း တွေဟာ ကျွန်မကို လှလှပပဖြစ်အောင် အတွက်ပါလားဆိုတဲ့ အချက်ကိုလေ… အဲဒီ နာကျဉ်ခြင်း၊ ခက်ခဲခြင်း ဆိုတဲ့ ဒုက္ခတွေကို မဖြတ်သန်းဘဲ ဒီလို လှလှပပ ဘ၀ မရောက်နိုင်ဘူး ဆိုဒါကိုလည်း နားလည်လိုက်ရတယ်။ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေဟာ အတိတ်မှာ ကျန်ခဲ့တယ်.. ဒါပေမယ့် ကျွန်မရရှိတဲ့ လှပမှုတွေကိုတော့ ကျွန်မ ထာဝရ ပိုင်ဆိုင်ရတော့မှာပါ..

“ယေရမိသို့ရောက်လာသော ထာဝရဘုရား၏  နှုတ်ကပတ်တော်  ဟူမူကား၊ သင်သည်ထ၍ အိုးထိန်းသမား အိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိသော အိုးထိန်းသမားကို တွေ့၏။ အိုးမြေဖြင့်လုပ်သော အိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီး သောကြောင့်၊ သူသည်အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏” (ယေရမိ ၁၈း၁-၄)

ဒီကျမ်းပိုဒ်မှာ အိုးထိန်းသမား က ဘုရားသခင်ကို ကိုယ်စားပြုထားပါတယ်။ ဒါဆိုရင် အိုးမြေက ဘယ်သူလဲ? ကျွန်တော်တို့ လူသားတွေဘဲဖြစ်တယ်။ အလွန် လှပတဲ့ ပန်းအိုးလေး မဖြစ်ခင်ကတည်းက အိုးထိန်းသမားဟာ ပန်းအိုးကလေးရဲ့ ပုံသဏ္ဍန်ကို ဘယ်လိုပြုလုပ်မယ် ဆိုဒါ သူ့စိတ်ကူး ထဲမှာ ရှိနှင့်ပြီးပါပြီ။

သူဟာ ပထမဆုံး မြေကိုရွေးရပါတယ်။ မြေကြီးဖြစ်ရင် ပြီးရော ဆိုပြီး တွေ့ရာမြေကြီး ယူလို့ မရပါဘူး။ အပေါ်ယံမှာ ရှိတဲ့ မြေကြီးဟာ အိုးလုပ်ဖို့ အဆင့်မမှီပါဘူး။ အောက်ကို ခပ်နက်နက်တူးလေ မြေကြီးဟာ အိုးလုပ်ဖို့ ပိုကောင်းလာလေဖြစ် ပါတယ်။ (မှတ်ချက်။ ။လူတစ်ယောက်၏ အပေါ်ယံ ကိုသာ ကြည့်ပြီး ဆုံးဖြတ် တတ် သူများ သတိပြုသင့်ပါသည်) ထိုနောက် ရေနဲ့ အတန်ကြာအောင် ရွှံ့စေးမြေဖြစ်အောင် စိမ်ရပါတယ်။ ခပ်နက်နက်နေရာကနေ တူးထားတဲ့ မြေကြီးဟာ အိုးလုပ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး ရွှံ့စေးမြေ ဖြစ်အောင် ပထမအဆင့် ပုံစံသွင်း ခြင်းဖြစ်တယ်။ ထိုနည်းတူပါဘဲ… ဘုရားသခင်ဟာ ဘယ်လိုမှ သုံးလို့မရတဲ့ ကျွန်တော်တို့ အပြစ်သားတွေ ကို ရွေးနှုတ်တူးယူပြီး၊ သူ့ရဲ့ အမှုတော်မြတ်မှာ အသုံးဝင်တဲ့ တန်ဆာပလာ များဖြစ်အောင် ပုံစံသွင်း တတ်ပါတယ်၊ ဆေးကြောသန့်စင်တတ်ပါတယ်။

ဒုတိယအဆင့်မှာတော့ မြေစေးကို စားပွဲကြီး တစ်ခုပေါ်တင်ပြီး တုတ်ကြီးနဲ့ ညက်သထက် ညက်အောင်အကြိမ်များစွာ ထုရပါတယ်။ မြေထဲမှာ လေခိုနေရင် အဲဒီလေ တွေ ပူစီဖောင်းလို ထွက်လာတယ်။ မြေစေးထဲမှာ ခိုဝင် နေတဲ့ လေတွေအားလုံး ကုန်တဲ့အထိ ထုထောင်းရပါတယ်။ တကယ်လို့ ခိုနေတဲ့ လေတွေ မကုန်ဘဲ မြေအိုး လုပ်တယ်ဆိုရင် အဲဒီ မြေအိုးဟာ မကြာခင်မှာဘဲ အက်ကွဲသွားတယ်။ ဒါကြောင့် လေတွေ အားလုံး ကုန်စင်သွားတဲ့အထိ ထုထောင်း ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ဘ၀မှာ ရင်ဆိုင် ရတဲ့ ဒုက္ခ၊ ပြဿနာများ၊ နာကျဉ်မှုများ၊ ၀မ်းနည်းပူဆွေး မှုများ ကြုံတွေ့ ရခြင်းကို ပုံဆောင်ပါတယ်။ ဘ၀မှာ ဒီအရာတွေကို မကြုံတွေ့ခဲ့ဘူးသူ ဟာ ဘုရားသခင်ရဲ့ အမှုတော်မြတ်မှာ ခံနိုင်ရည်မရှိဘဲ အလွယ်တကူ နောက်ပြန် ကျသွားသူ ဖြစ်နိုင်ပါတယ်။

လည်ပတ်နေတဲ့ အိုးလုပ်စက်ကတော့ ဘ၀သံသရာ လို့ ကျွန်တော်တို့ ပြောလေ့ရှိတဲ့ ဘ၀ကို ပုံဆောင်ပါတယ်။ မှန်ပါတယ်.. ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလို လယ်ပတ် နေပါတယ်။ ပြဿနာ တစ်ခုပြီး တစ်ခု၊ အမှု တစ်ခုပြီး တစ်ခု ဆိုသလို အဆုံးမရှိဘဲ စက်ဝိုင်းတစ်ခုလို လည်ပတ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားရမှာ ကတော့ လည်ပတ်နေတဲ့ အိုးလုပ်တဲ့စက်ဟာ အိုးလုပ်သူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ စက်အပေါ်ရောက် နေတဲ့ ရွှံ့စေးမြေက သူ့ကိုယ်သူ ဘာမှ လုပ်လို့ မရပါဘူး။ တခါတရံ ရွှံ့စေးမြေက အိကျ သွားတာတို့၊ ပုံစံ ရွဲ့သွားတာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အိုးလုပ်သူက သူ့ရဲ့ စိတ်ကူး စိတ်သန်းထဲမှာ ပေါ်တဲ့ ပုံစံ မဖြစ် ဖြစ်တဲ့အထိ ရွှံ့စေးမြေ ကို ပုံဖော်သွားမှာဖြစ်တယ်။ မိတ်ဆွေ … ဘယ်လောက်ဘဲ ခက်ခဲ ကြမ်းတမ်းတဲ့ ဘ၀သံသရာ ထဲမှာ လျှောက်လှမ်းနေရပါစေ မိတ်ဆွေရဲ့ ဘ၀ဟာ ဘုရားသခင်ရဲ့ အကြွင်းမဲ့ ထိန်းချုပ်မှု (Absolute Control) အောက်မှာ ရှိနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

တဖန် ပုံသွင်းပြီးပြီဆိုရင် အိုးကို မီးနဲ့ ဖုတ်ရပါတယ်။ မီးအပူချိန် လိုအပ်တာထက် ပြင်းသွားတယ်ဆိုရင် မြေအိုးဟာ ကျက်မသွားဘဲ ကွဲပြီး ပျက်စီးသွားပါတယ်။ ဒါကြောင့် အိုးလုပ်သူဟာ ကျက်ပြီး ခိုင်ခန့်၊ မာကျော တဲ့ မြေအိုးဖြစ်ဖို့ လိုအပ်တဲ့ မီးအပူချိန်ကို နားလည်တယ်၊ ကျွမ်းကျင်တယ်၊ မီးအပူချိန် များလွန်းပြီး မြေအိုး ကွဲကြေ၊ ပျက်စီးမသွားအောင် သတိကြီးစွာ စောင့်ကြည့်တယ်။ ထိုနည်း၎င်း မိတ်ဆွေ ရဲ့ဘ၀မှာလည်း ပူလောင်ခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်းနဲ့ ပူဆွေးသောကတွေ ကြုံတွေ့နေရမှာ ဖြစ်ပေမယ့် ဘုရားသခင်ဟာ ကျွန်တော်တို့ကို အမြဲတမ်း စောင့်ကြည့်နေတယ်၊ ကျွန်တော်တို့ရဲ့ ဘ၀တွေ ပျက်စီး မသွားအောင် ကာကွယ်ပေးနေတယ်။ ဘုရားရှင်ရဲ့ လက်မှာသာ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ အပ်နှံထားလိုက်ပါ။ ဘုရားရှင် လစ်လျူရှု မထားပါဘူး။

“အလိုတော်ရှိရာ၊ ပြုတော်မူပါ
ကိုယ်တော်ရှင်အိုးထိန်း၊ ကျွန်ုပ်အိုးမြေpotterclay
ကိုယ်တော်ရှင်မြတ်အား၊ စောင့်နေစဉ်ခါ
သဘောတော်ရှိတိုင်း၊ ပုံသွင်းလုပ်ပေး”

ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီဓမ္မတေးသီချင်းလေးကို ဆိုဘူးကြပါတယ်။ ကျွန်တော်၊ ကျွန်မတို့ တတွေရဲ့ ဘ၀ ကို ဘုရားရှင် သဘောတော် ရှိတဲ့အတိုင်း ပုံသွင်း ခွင့်ပေးပြီး၊ လက်တော်မှာ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ အပ်နှံတတ်ဖို့ ကိုယ်တော် အလိုရှိတယ်။

မိတ်ဆွေ… သင်ဟာ ဘုရားသခင်နဲ့ သူရဲ့ အသင်းတော်ကို ပုံသွင်း ပေးတဲ့ သူ မဟုတ်ပါဘူး၊ ပုံသွင်းပေးနိုင်စွမ်းရှိတဲ့သူလည်း မဟုတ်ပါဘူး။ ဘုရားသခင်သည်သာ မိတ်ဆွေရဲ့ ဘ၀ကို ပုံဖော် သွန်းလုပ်သူ အရှင်ဖြစ်တယ်။ ကျွန်တော် ကျွန်မတို့ ဘ၀တွေရဲ့ အိုးထိန်းဖြစ်တဲ့ ဘုရားသခင် ရဲ့ လက်တော်ဟာ ဘယ်တော့မှ နှောင့်နှေးတယ်၊ ကြန့်ကြာတယ်၊ သတိမေ့တယ် ဆိုတာ မရှိပါဘူး… အိုးထိန်းသူ ဘုရားသခင်ရဲ့ ကျွမ်းကျင်သေသပ်တဲ့ လက်ရာ နဲ့ ပုံသွင်းခံရသောသူ အသုံးတော်ခံ များအဖြစ် အသီးသီးရဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း………
ခရစ်တော်၌…

သောင်းနိုး

မှတ်ချက်၊ Chaplain Judy Boen ၏ ဧပြီလ၊ ၂၀၀၂ ခုနှစ် တွင် ဟောသော တရားဒေသနာ “Recycled Saints” ကို ကိုးကားထားပါသည်။

Source :Aromadc

no comment

Add your comment

Your email address will not be published.

%d bloggers like this: