အမှုတော်ဆောင်နှင့် ကိုယ်ကျင့်တရား

နိဒါန်း

ယနေ့ဘုရားသခင်၏ အမှုတော်ဆောင်များစွာတို့ဥည် ဘုရားသခင်၏ ၀ိညာဉ်တော်တန်ခိုးကြောင့် အောင်မြင်မှုများစွာ ရရှိကြသည်။ နိုင်ငံတကာ အမှုတော် ဆောင် များနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာအရည်အချင်းများ၊ အတွေ့အကြုံများရှိကြသဖြင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းခံရသော သင်းအုပ် ဆရာကြီးများ၊ ဧ၀ံဂေလိ ဆရာကြီးများစသည်ဖြင့် အမှုတော်မြတ်၌ ဦးဆောင်းနေကြသည်။ ဘုရားသခင် အင်မတန်မှ ကောင်းမြတ်တော်မူသဖြင့် ဂုဏ်ယူစရာများစွာ တွေ့ရသည်။ တစ်ချိန် တည်းမှာပင် ထိုအောင်မြင်မှုများနှင့်အတူ သတိပြုရမည့်အရာရှိနေသည်ကို အမှုတော်ဆောင်တိုင်း သတိပြုရန်လိုသည်။ ထိုအချက်မှာ “ကိုယ်ကျင့်တရား” ဖြစ်ပါသည်။
ကိုယ်ကျင့်တရားဆိုသည်မှာ
ကိုယ်ကျင့်တရားသည် လူတစ်ယောက်နေ့စဉ်ပြုကျင့်သည် အပြုအမူ၊ အကျင့်စရိုက်၊ အကျင့်စာရိတ္တ၊ ကျင့်ဝတ်တရား၊ အလေ့အထစသည်တို့ဖြစ်သည်။ ကိုယ်ကျင့် တရားသည် ကိုယ်ပိုင်စည်းကမ်း၊ ဓလေ့ထုံးစံ နှင့်လည်း ဆက်နွယ်မှုရှိသည်။ ကိုယ်ပိုင်စည်းကမ်းရှိသောသူသည် ကိုယ်ကျင့်တရားရှိသောသူ ဖြစ်သည်။ လူတစ်ယောက် ၏ ပြုမူကျင့်ကြံခြင်း၊ စရိုက်၊ အလေ့အထဖြစ်သည့် အိပ်ယာထခြင်း၊ အိပ်ရာဝင်ခြင်း၊ စားသောက်ခြင်း၊ ၀တ်စားဆင်ယင်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းစသည်တို့သည် ကျင့်ဝတ်တရားဟု ဆိုနိုင်ပါသည်။ နေရာ၊ ဒေသအလိုက် ကျင့်ကြံပြုမူခြင်းသည်လည်း ကိုယ်ကျင့်တရားကို လွှမ်းမိုးစေနိုင်သည်။ စကားပုံပုံ ““မုဆိုးနားနီးမုဆိုး တံငါ နားနီးတံငါ”” ဟု ဆိုစမြဲရှိသည်။ အရက်သမား၊ ဆေးလိပ်ကွမ်းယာသမား၊ မူးယစ်ဆေးသုံးစွဲတတ်သူများနှင့် နီးကပ်စွာ ပေါင်းသင်းနေထိုင်ပြီး ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်ပါက တစ်နေ့တစ်ချိန်တွင် ထိုကဲ့သို့ ဖြစ်သွားနိုင်သည်။ မွေးရာပါ အရက်သမားနှင့် ဆေးသမား လုံးဝ မရှိပါ။ ဆေးပညာအရ၊ မိခင်က အရက်သေစာ၊ ဆေးလိပ်သုံးစွဲပါက မွေးလာသော ကလေး ကြီးပြင်းသည့်အခါ အရက်၊ ဆေးလိပ်၊ ကွမ်းယာသမား ဖြစ်နိုင်သည်ဟု ဆိုပါသည်။
ဆရာကြီး ဒီအယ်လ်မူးဒီက “တစ်ယောက်တည်းမှောင်မိုက်ထဲတွင် ဘာလုပ်နေသလဲ” ဆိုတာကို ကိုယ်ကျင့်တရားဟု ပြောပါသည်။ ဇနီး၊ သားမယား၊ ဆရာသမား များမရှိသည့်အချိန်တွင် ဘာလုပ်နေသလဲ ဆိုတာ ကိုယ်ကျင့်တရား ဖြစ်ပါသည်။ “ဘာလုပ်နေသည်” ဆိုသည့်အချက်ကိုမူ ကာယကံရှင်သာ အသိဆုံး ဖြစ်သည်။ ဆရာကြီး တစ်ပါးပြောဖူးသည်မှာ “လောကမှာ လိမ်လို့မရတဲ့သူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဘုရားသခင်ဖြစ်ပြီးတော့၊ နောက်တစ်ယောက်ကတော့ မိမိကိုယ်တိုင်ပဲ ဖြစ်တယ်” ဟု ဆိုပါသည်။ အခြားသူများ ဆီမှာ ဘာမှ မလုပ်သလို ဟန်ဆောင်၍ နေနိုင်သော်လည်း ကိုယ့်ကိုယ်ကိုနှင့် ဘုရားသခင်ရှေ့တွင် ဟန်ဆောင်၍ မရနိုင်ကြောင်း သိသာထင်ရှားပါသည်။ ဘုရားတရားနှင့် လိုက်လျောညီထွေသော ကိုယ်ကျင့်တရားသည် ရိုးသားဖြောင့်မတ်ခြင်း ဖြစ်သည်။

ကိုယ်ကျင့်တရား ပျက်ပြားစေသောအရာများ

များစွာသော အမှုတော်ဆောင်တို့က ကိုယ်ကျင့်တရားဟု ပြောရာတွင် အသေးအမွှားဟု ထင်မြင်ယူဆ တတ်ကြသည်။ အမှန်အားဖြင့်ဆိုလျှင် ထိုအသေး အမွှေား ထင်ရသည့် အကျင့်ကပင်လျှင် အမှုတော်ဆောင်များကို ရစရာမရှိအောင် ဆွဲချတတ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ကျောက်တုံးကြီး သို့မဟုတ် တောင်ကြီးကို တိုက်၍ လဲကျသွားခြင်း မရှိပါ။ မည်သူမဆ ဂရုမစိုက်သော ကျောက်ခဲလေးတစ်လုံးက တစ်ယောက်ကို ခလုတ်တိုက်လဲကျစေပြီး သွေးထွက်စေသည်ကို သတိ ပြု ရမည်။ အောက်ဖော်ပြပါအချက်များသည် သာမန်ဟု ထင်ရသော်လည်း ကြီးမားသော အမှုတော်ဆောင်ကြီးများကို ဆွဲချ၍ ပျက်စီးစေနိုင်ပါသည်။
 (၁) မာန်မာန
ဘုရားသခင်၏ ဘိသိက်ခြင်းကျေးဇူးကို ခံစားရရှိသော အမှုတော်ဆောင်များသည် ကောင်းကြီးများစွာ ခံစားပြီး ကောင်းစားသောအခါ တရားဟော ပလ္လင်ပေါ် တွင် သော်လည်းကောင်း၊ အပြင်ဘက်တွင် လည်းကောင်း မိမိတတ်နိုင်သည်ဟု ထင်မြင်မိသဖြင့် မာန်မာနထောင်လွှားတတ်ကြသည်။ သမ္မာကျမ်းစာတွင် “မာနကြီးသော သူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရ” (သုတ္တံ ၁၆း၅) ဟု ဆိုပါသည်။ မာနရှိသောသူသည် သူ့ကိုယ်သူ မာနထောင်လွှား၍နေသည်ကို မသိတတ်ဘဲနေ၏။ “ဘာကြောင့်မာနကြီးတတ်သလဲ” ဟု မေးခွန်းထုတ်စရာရှိပါသည်။ ဘုရားသခင် ကောင်းကြီးပေးလာသည့်အခါ မခံယူတတ်၊ မထိန်းသိမ်းတတ်ဘဲ မိမိသည် အခြားသူများထက် ဘုရားသခင် အမှု၌ဖြစ်စေ၊ ၀ိညာဉ်ရေးရာ၌ဖြစ်စေ သာလွန်နေသည်ဟု ယူဆမိသောကြောင့် ဖြစ်နိုင်သည်။ ထာဝရဘုရား မုန်းသောအရာခြောက်းပါးမက စက်ဆုပ်ရွံ့ရှာ တော်မူသောအရာ ခုနစ်ပါးထဲတွင် ပထမဦးဆုံးရေးထားသည်မှာ “ထောင်လွှားသောမျက်နှာတစ်ပါး” ဖြစ်သည် (သုတ္တံ ၆း၁၆-၁၇)။ ထို့ကြောင့် “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်သည် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားပါသည် (၁ ပေတရု ၅း၇)။
တိုက်တင်းနစ်သင်္ဘောကြီး ၁၉၁၂ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့တွင် သမုဒ္ဒရာပင်လယ်ထဲ မနစ်မြုပ်ခင် သတိပေးချက် ခြောက်ကြိမ်တိတိ ရရှိခဲ့သည်။ “ရေခဲတောင် ကြီးရှိတယ်” ဟုပြောသည့်အခါ အော်ပရေတာက “တိတ်စမ်း ငါအလုပ်ရှုပ်နေတယ်” ဟု ပြန်ဖြေပါသည်။ နောက်ထပ် မိနစ်သုံးဆယ် ကြာသောအခါ သင်္ဘော ကပ္ပတိန်ကြီးက “ဘုရားသခင်ကတောင်မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး” ဟု ကြုံးဝါးခဲ့သော သင်္ဘောကြီးသည် ရေခဲတောင်ကြီးကို တိုက်မိပြီး ပင်လယ်ထဲ လုံးလုံး နစ်မြုပ်သွားခဲ့သည်။ ခရီးသည်ပေါင်း ရာနှင့်ချီ၍ နစ်မြုပ်သွားခဲ့သည်။ ပြဿနာသည် ရေခဲတောင်ကြီး အမှန်တကယ်ရှိနေကြောင်း မသိရှိခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရေခဲတောင်ကြီးသည် ပင်လယ်ရေမျက်နှာပြင်ထက်တွင်မပေါ်ဘဲ ပင်လယ်ရေမျက်နှာပြင်အောက်ပေါ်ရှိနေပြီး အံ့မခန်း ကြီးမားလွန်းသည်ကို မသိရှိလိုက်ခြင်း ဖြစ်သည်။ ထိုမြုပ်နေသော ရေခဲတောင်ကြီးသည် ကိုယ်ကျင့်တရားဖြစ်ပြီး အနည်းငယ်မျှသာပေါ်လွင်သောအရာသည် ခေါင်းဆောင်တစ်ဦး၏ အရည်အချင်း ဖြစ်သည်။ သင်္ဘောကပ္ပတိန်၏ မာနကြောင့် ခရီးသည်ပေါင်းများစွာ အသက်ဆုံးရှုံးရသကဲ့သို့ သင်းအုပ်ဆရာကြီး၊ ဧ၀ံဂေလိဆရာကြီးမှစ၍ အောင်မြင်ကျော်ကြားသော ခေါင်းဆောင်သည် ရေခဲတောင်တိုက်မိခြင်းဖြင့် သာသနာလုပ်ငန်းကြီး၊ အသင်းတော်ကြီးပြိုကွဲသွားခဲ့ သည်မှာလည်း မနည်းတော့ပါ။ ၁၉၈၀ ခုနှစ်များတွင် ရုပ်မြင်သံကြား၌ ကျော်ကြားသော တရားဟော ဆရာကြီးများ ကိုယ်ကျင့်တတရားပျက်ပြားမှုကြောင့် ပြိုလဲသွားခဲ့ပြီး၊ ၁၉၉၀ ခုနှစ်များတွင် နိုင်ငံရေး ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားပျက်ပြားသွားခဲ့သည်။
အမှုတော်ဆောင်များသည် အောင်မြင်မှုအပေါ် မာနထောင်လွှားနေပါက ပြိုလဲကျရှုံးဖို့ လမ်းစရောက် နေပြီဖြစ်ကြောင်း သတိပြုအပ်ပါသည်။ ကောင်းကင်တမန် လူစီဖာသည်လည်း သူ၏ မာန်မာနကြောင့် ကောင်းကင်မှ ချပစ်ခြင်းခံခဲ့ရသည် (ဟေရှာယ ၁၄း၁၂-၁၅)။

(၂) အတ္တလွှမ်းမိုးခြင်း

ယခုခေတ်တွင် အမှုတော်ဆောင်များ ဘုရားသခင်၏ ကောင်းကြီးမြောက်များစွာခံစားသည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် သာသနာလုပ်ငန်းထက် မိမိတို့၏ ကိုယ်ကျိုးအတွက်ပို၍ ဦးစားပေး လာကြသည်။ ဘုရားသခင်၊ အမှုတော်မြတ်နှင့် မိသားစုသုံးခုတွင် မိသားစု စားဝတ်နေရေး အဆင်ပြေမှသာ ဘုရားသခင်နှင့် အမှုတော်မြတ်အတွက် ပို၍ လုပ်နိုသည်ဟူသော ခံယူချက်ပို၍ လွှမ်းမိုးလာသည်။ မှားယွင်းသည်ဟု မဆိုလိုပါ။ သို့သော် စဉ်းစားသင့်သည့်အချက်မှာ ကောင်းစားခြင်းနှင့် ကောင်းကြီး မင်္ဂလာများကို မည်သို့ အသုံးပြုနေသလဲ ဆိုသည့်မေးခွန်း ဖြစ်ပါသည်။ တပ်မက်ခြင်းနှင့် အတ္တဆန်ခြင်း၏ လွှမ်းမိုးခြင်းခံရသဖြင့် စာတန်၏ လှည့်စားခြင်း ထောင်ချောက်ထဲ မသိမသာ ပိတ်မိနေတတ်ကြသည်။ မိမိလုပ်ဖော်ဆောင်ဖက်များကိုမူ မသေရုံတမယ်၊ လက်ဆောင်ဖဲ့ပေးပြိး မိမိတို့ မိသားစုကိုမူ ထူးရှယ်နှင့် နေထိုင်ခြင်းသည်ပင်လျှင် ဘုရားသခင် ၏ ကောင်းကြီးမင်္ဂလာများကို အလွဲသုံးစားပြုနေခြင်း ဖြစ်နိုင်သည်။ ယောရှုနှင့် ဣသရေလအမျိုးသားများသည် ယေရိခေါမြို့ကြီးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သော်လည်း အာဣမြို့ကို တိုက်သည့်အခါ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အာခန်သည် မိမိတပ်မက်ခြင်းကြောင့် ကျိန်အပ်သော ရွှေ၊ ငွေ၊ ရတနာများကို သိမ်းယူမိသောကြောင့် ဖြစ်သည်။ အင်မတန်မှ ကြီးမားသော သစ်ပင်ကြီးကို ပြိုလဲဖို့ရန် ကြီးမားသောအရာ မလိုပါ။ မမြင်နိုင်သော ပိုးကောင်းသေးသေးလေးက အထဲမှာစားလိုက်ပါက သစ်ပင်ကြီး အမြစ်မှစ၍ ခြောက်သွေ့ပြီး ပြိုလဲသွားနိုင်သည်။ ငွေ၌ အပြစ်မရှိပါ။ သို့သော် ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအပေါင်းတို့၏ မူလအမြစ်ဖြစ်သည်ဟု ကျမ်းစာက ပြောပါသည် (၁ တိမောသေ ၆း၁၀။ ဟေဗြဲ ၁၃း၅)။ အမှုတော်ဆောင်တစ်ဦး၏ အရည်အချင်းတွင် “ငွေကို တပ်မက်သောသူ မဖြစ်ရ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူမဖြစ်ရ” ဟု ပါရှိသည် (၁ တိမောသေ ၃း၃။ တိတု ၁း၇)။ ငွေကို တပ်မက်ခြင်းသည် နောက်ဆုံးသောကာလ၏ လက္ခဏာတစ်ခု ဖြစ်သည် (၂ တိမောသေ ၃း၂)။ ထို့ကြောင့် အမှုတော်ဆောင် တစ်ဦးသည် ဘုရားသခင်ကောင်းကြီးပေး၍ ငွေကြေးကြယ်ဝချမ်းသာလာသည့်အခါ အတ္တနှင့် နစ်မွန်းသောသူ မဖြစ်စေဘဲ အမှုတော်အတွက် မရှိဆင်းရဲသားများအတွက်နှင့် သာသနာလုပ်ငန်းအတွက် အသုံးပြုသင့်ကြောင်း သတိပြုရမည်။ ဆရာကြီး ဂျွန်ဝက်စလီက “ရနိုင်သမျှရယူပါ၊ စုနိုင်သမျှစုပါ၊ သုံးနိုင်သမျှသုံးပါ” ဟု ပြောသည့်အပြင် ငါသေသည့်အချိန်မှာ ငါ့အိပ်ကပ်ထဲမှာ တစ်ဆယ်ကျပ် (စတာလင်ပေါင်) ကျန်ခဲ့လျှင် ဂျွန်ဝက်စလီသူခိုး ဖြစ်သည်ဟု မှတ်ကြပါဟု ပြောခဲ့ဖူးပါသည်။ အမှုတော်ဆောင်ဆရာကြီးများသည်လည်း သမ္မာကျမ်းစာသွန်သင်သည့်အတိုင်း ဆယ်ဖို့တစ်ဖို့မှစ၍ သာသနာလုပ်ငန်းအတွက် ပေးကမ်းခြင်း၌ စံနမူနာ ဖြစ်သင့်ပါသည်။ ရယူနိုင်သည့် နည်းလမ်းရှာတတ်သကဲ့သို့ ပေးလှူရမည့်နည်းလမ်းလည်း သိတတ်ဖို့ လိုသည် (တမန် ၂၀း၃၅ ဖတ်ပါ)။

(၃) မိမိကိုယ်ကိုလိမ်လည်လှည့်ဖြားခြင်း

လူတစ်ချို့က ဟန်ဆောင်မှုအကောင်းဆုံးသောသူသည် အမှုတော်ဆောင်၊ သင်းအုပ်ဆရာ၊ တရားဟော ဆရာ၊ ဧ၀ံဂေလိဆရာများဖြစ်သည်ဟု ပြောတတ်ကြပါသည်။ အများအားဖြင့် မှန်မည်ဟု ယူဆပါသည်။ မိမိ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲနေနေ၊ သူတစ်ပါးမသိသလိုလိုနှင့် ဟန်ဆောင်ဖုံးကွယ်တတ်ကြသည်။ ထိုသို့ ပြုခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းကို အလွဲသုံးစားပြုနေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သမ္မာကျမ်းစာက “လူသည် မိမိကျင့်သမျှသောအကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရား မူကား စိတ်သဘောကို ချိန်တော်မူ၏” (သုတ္တံ ၁၆း၂) ဟု ဆိုပါသည်။ မိမိပြုကျင့်နေသော အပြုအမူများ ရှင်းလင်းစွာ သိနေသောသူသည် မိမိနှင့် ဘုရားသခင်ဖြစ်ပြီး ဘယ်သောအခါမျှ လှည့်စားနိုင်မည် မဟုတ်ပါ။ တစ်ခါတစ်လေ ရှင်ပေါလုပြောသကဲ့သို့ မိမိ၏ လုပ်ရပ်မှားယွင်းနေမှန်းကို မသိနိုင်တော့သည်တိုင်အောင် သြတ္တပစိတ်ကို သံပူနှင့်ခတ်ထားခြင်းခံခဲ့ကြသည် (၁ တိမောသေ ၄း၂)။ ထိုသို့ မခိုင်မာသည့် ကိုယ်ကျင့်တရား များ လွန်ကျူးမိသည့်အခါ နှုတ်သတ္တိ၊ ငွေကြေးဓနနှင့် ၀ိညာဉ်တန်ခိုးကို အသုံးပြု၍ ရုန်းထွက်နိုင်လိမ့်မည်ဟု မထင်မိဖို့လိုပါသည်။ ရှံဆုန်သည် မလုပ်သင့်သည့်အလုပ်၊ မိဘများသဘောမတူသည့် အိမ်ထောင်ပြုဖို့ရန် ထွက်ခွာသွားရာတွင် လမ်း၌ ခြင်္သေ့နှင့် တွေ့ရသည်။ သူ၏ ခွန်အားဗလနှင့် ခြင်္သေ့ကို စက္ကူကဲ့သို့ ဆုတ်ဖြဲ နိုင်သော်လည်း နောက်ဆုံးအချိန်တွင် အရှက်တကွဲအကျိုးနည်းခြင်းများစွာနှင့် ဘ၀နိဂုံးချုပ်ခဲ့ရသည်။ သူတစ်ပါးသည် မိမိ၏ အားနည်းချက်၊ မှားယွင်းမှုများအပေါ် သတိပေးပြောဆိုသည့်အခါ “ငါ အဲဒီလောက်တော့ မဟုတ်သေးပါဘူး” ဆိုပြီး ဆင်ပြေပေးခြင်းသည် မိမိကိုယ်ကို လှည့်ဖြားနေခြင်း ဖြစ်သည်။
တစ်ခါတစ်လေ မိမိဖြစ်နေသည်ထက် သူတစ်ပါး ချီးမွမ်းသည့်အခါ အဟုတ်ကြီးဟု ထင်တတ် ကြပါသည်။ “အကြင်သူသည် ဘာမျှ မဟုတ်ဘဲလျက် ဤမျှလောက် ငါဖြစ်သည်ဟု စိတ်ထင်လျှင် ထိုသူသည် ကိုယ်ကိုလှည့်ဖြားသောသူ ဖြစ်၏။ လူတိုင်း ကိုယ်ပြုသောအမှုကို စစ်ကြောစီရင်စေ” (ဂလာတိ ၆း၃-၄ ဟု ဆိုသည်။ ဘာမျှမဟုတ်ဘဲ မိမိကိုယ်မိမိသာ ၀ါကြားခြင်း ဖြစ်နိုင်သည်။

(၄) အက်ကြောင်းများကိုရှာပါ (မိမိအားနည်းချက်များကို စိစစ် ဖော်ထုတ်ပါ)

အထူး အောင်မြင်ကျော်ကြားသော ခေါင်းဆောင်ဆရာကြီးများ အမြင့်ဆုံးသော အတိုင်းအတာတစ်ခု အထိ ရောက်သွားသည့်အခါ ရုတ်တရက် ဆုံးရှုံးပြိုလဲသွားခြင်းမျိုး သတိပြုမိကြပါလိမ့်မည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ““ကိုယ်ကျင့်တရား”” ကြောင့် ဖြစ်ပါသည်။ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးက ဤသို့ ဆိုခဲ့ဖူးပါသည်။
              ချမ်းသာကြယ်ဝခြင်း ဆုံးရှုံးသည့်အခါ ဘာမှ ဆုံးရှုံးမှုမရှိပါ။
              ကျန်းမာရေး ဆုံးရှုံးသည့်အခါ တစ်စုံတစ်ခုကို ဆုံးရှုံးပါသည်။
              ကိုယ်ကျင့်တရားဆုံးရှုံးပျက်စီးသည့်အခါ ဘ၀တစ်ခုလုံး ဆုံးရှုံးသည်။
ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် စတင်ဗင်ဘာဂလပ်စ်က ““အချို့လူတွေဟာ သူတို့ဘ၀မှာ အောင်မြင်မှုတွေ မြင့်မြင့်မားမားရောက်ရှိကြပေမယ့် သူတို့၏ စိတ်ဖိစီးမှုဒဏ်များ ကျော်လွှားနိုင်ရန် ခိုင်မာတဲ့ ကိုယ်ကျင့်တရား မရှိတဲ့အတွက်ကြောင့် အဲဒီအောင်မြင်မှုကို ကြာရှည်မထိန်းသမ်းနိုင်ဘဲ ဘေးဒုက္ခကြုံတွေ့ကြရတယ်”” ဟု ပြောပါသည်။ ထိုပုဂ္ဂိုလ်များည် အောက်ပါအချက်လေးချက်ထဲတွင် တစ်ချက်မက ကျူးလွန်လေ့ရှိသည်။ ထိုအချက်များမှာ (၁) စိတ်ကြီးဝင်သွားခြင်း (၂) အထီးကျန်မှုကို နာကျင်စွာ ခံစားရခြင်း (၃) မိမိကိုယ်ကို ထိခိုက်ပျက်စီးစေမည့် စွန့်စားမှုကို အလွန်အမင်း လိုက်လံရှာဖွေခြင်း (၄) သူတစ်ပါးသားမယားကို ပြစ်မှားခြင်း သို့မဟုတ် အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ ဖြစ်ပါသည်။
အထက်ပါအကြောင်းအရာများ စတင်နေပြီဆိုပါက ဖုံးကွယ်လိုခြင်း၊ မပွင့်လင်းခြင်း၊ ဟန်ဆောင်ခြင်း၊ မိမိကိုယ်မိမိလှည့်ဖြားခြင်း၊ မုသာစကားပြောခြင်းများက လိုက်လာတတ်သည်။ ငွေကြေးချမ်းသာလာပါက စိတ်အားကြီး၍ မာနထောင်လွှားခြင်းမှစ၍ စာရိတ္တပျက်ပြားစပြုလာနိုင်သည်။ အမြင်မရှင်းလင်းတော့သဖြင့် မိမိကိုယ်ကို အမြဲတမ်း ကာကွယလိုသည့်သဘောထားနှင့် ပြောဆိုမှုများ မကြာခဏ ကြားရသည်။ အထီးကျန်မှု နာကျင်စွာ ခံစားခြင်းနှင့် စိတ်ဖိစီးမှုများစွာ ခံစားသည့်အခါ အိမ်ထောင်ရေးဖောက်ပြန်ခြင်းများ ဖြစ်လာနိုင်သည်။ ၀မ်းနည်းစရာကောင်းသည့်အချက်တစ်ခုမှာ ထိုကဲ့သို့သော ခေါင်းဆောင်ကို ဖြိုချရန်အတွက် စာတန်၏ ကျော့ကွင်းထဲ၌ သွင်းခြင်းနှင့် အသုံးချခြင်းခံရသော ပုဂ္ဂိုလ်အတွက် ၀မ်းနည်းဖွယ်ကောင်းလှပါသည်။

နိဂုံး

ရှင်ပေါလုက တိမောသေကို အားပေးစကားပြောရာတွင် “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြ၀ါဒ ကိုလည်းကောင်း၊ သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သော သူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်” (၁ တိမောသေ ၄း၁၆) ဟု ဆိုပါသည်။ ဓမ္မအမှုတော်ဆောင် ဆရာ/မကြီးများသည် မိမိဟောကြားသည့်တရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ရန် လိုအပ်ပါသည်။ ပြောသည့်စကားတိုင်း ပြုကျင့်ဖို့ လိုသည်။ စကားပုံတွင်လည်း “ကိုယ်ကျင့်တရား သည် စကားပြောခြင်းထက် ပို၍ အသံကျယ်သည်” ဟု ဆိုပါသည်။ ဘာဟောသလဲ ဆိုတာထက် ဘယ်လို ပြုကျင့်သလဲ ဆိုတာ ပို၍ အရေးကြီးပါသည်။ ဟန်ဆောင်ပြုကျင့်သောသူများ မဟုတ်ဘဲ သမာဓိနှင့် ရိုးသားဖြောင့်မတ်ခြင်းဖြင့် ပွင့်လင်းသော အမှုတော်ဆောင်များဖြစ်ကြရန် လိုသည်။ “သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါး နှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းသော အကျင့်ရှိသမျှတို့ကို နှလုံးသွင်းကြဖို့ ဖြစ်ပါသည်” (ဖိလိပ္ပိ ၄း၈)။ အမှုတော်ဆောင်ဆရာ/မများသည် သင်္ဘော ကပ္ပတိန်ကဲ့သို့ မိမိသင်္ဘော (အသင်းတော်၊ အဖွဲ့အစည်း) ထဲတွင် လူပေါင်းများစွာ တင်ဆောင်၍ ခရီးပြု နေသည်ကို သတိပြုပြီး မာန်မာနထောင်လွှားခြင်းဖြင့် ၀ှက်ထားသော ရေခဲတောင်ကြီးကို မတိုက်မိဘဲ ဘေးကင်းလုံခြုံစွာ လိုရာခရီးကို ခေါ်ဆောင်နိုင်သော အမှုတော်ဆောင်များ ဖြစ်ဖို့ လိုအပ်ပါသည်။ သာဓု သစ္စာရှိသော ငယ်သားကောင်းများ ဖြစ်ကြပါစို့။
Source:Pastor Cung Blog

Add your comment

Your email address will not be published.