သင်းအုပ်နှင့် ခေါင်းဆောင်မှု

သင်းအုပ်သည် ၀ိညာဉ်ရေးရာ၌ ခေါင်းဆောင်ဖြစ်သောကြောင့် အသင်းတော်တစ်ခုလုံး၏ တိုးတက်ရာ တိုးတက်ကြောင်းသည် သူ၏ ခေါင်းဆောင်မှု အရည်အချင်းပေါ်တွင် အဓိက မူတည်သည်ဟု ဆိုနိုင်ပါသည်။ အသင်းတော်သည် လောကီအဖွဲ့အစည်း မဟုတ်သဖြင့် အာဏာထား၍ အုပ်စိုးရန် မဟုတ်ဘဲ၊ သမ္မာတရားနှင့် ညီညွတ်သော ခေါင်းဆောင်မှု ပေးနိုင်ရန် အထူးလိုအပ်သည်။ ရှင်ပေတရုသည် ခေါင်းဆောင်များထံတောင်းပန်စကားပြောဆိုရာတွင် “ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည် မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့” (၁ပေ ၅း၂-၃)ဟု ပြောပါသည်။ သို့ဖြစ်၍၊ သင်းအုပ်၏ ခေါင်းဆောင်မှုသည် အသင်းတော်ကို မိမိဆန္ဒသဘောအရ ကြိုက်သလို မောင်းနှင်ခြင်း မဟုတ်ဘဲ၊ သိုးတော်စုများ၏ရှေ့မှ ဦးဆောင်လမ်းပြ၍ ခေါင်းဆောင်မှုပြုခြင်း ဖြစ်သည်။ သိုးတို့သည် သိုးထိန်း ဦးဆောင်လမ်းပြသည့်အတိုင်း လိုက်လျှောက်သွားမည် ဖြစ်သည်။Sia Cung

ဝိညာဉ်ရေးရာ ခေါင်းဆောင်မှု၏ အဓိပ္ပါယ်

ခရစ်ယာန် ခေါင်းဆောင်မှုသည် ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုဖြစ်၍၊ လောကီရေးရာ ခေါင်းဆောင်မှုနှင့် ခြားနားမှု ရှိသည်။ ယေရှုကလည်း “သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာ ထားတတ်ကြ၏။ သင်တို့မူကား ထိုသို့ မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။ သင်တို့တွင် အထွတ်အမြတ် လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏ စေခိုင်းရာ ကျွန်ဖြစ်ရမည်” ဟု ပြောပါသည် (မာကု ၁၀း၄၂-၄၄)။ ရှင်ပေါလုကလည်း မိမိကိုယ်ကို ယေရှုခရစ်၏ ကျွန်ဟူ၍ ပြောခဲ့သည် (ရောမ ၁း၎၊ ၁ကော ၉း၁၉၊ ဖိလိ ၁း၁)။
အင်္ဂလိပ် သမ္မာကျမ်း King James Version ထဲတွင် ခေါင်းဆောင်မှုဟူသော ဝေါဟာရကို ခြောက်ကြိမ်သာ အသုံးပြုထားသည်ကို တွေ့ရသည်။ သမ္မာကျမ်းစာနှင့်ညီညွတ်သော ခေါင်းဆောင်များကို ဘုရားသခင်က “ငါ၏ ကျွန်” သို့မဟုတ် “ငါ၏ အစေခံ” ဟူ၍ အသုံးပြုထားပါသည်။ ဤအရာများကို လေ့လာခြင်းအားဖြင့် ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှု သို့မဟုတ် သင်းအုပ် ခေါင်းဆောင်မှုသည် အကြီးအကဲလုပ်ခြင်း မဟုတ်ဘဲ၊ လူတကာ၏ အစေခံကျွန်အဖြစ် အမှုတော်ကို ထမ်းဆောင်ခြင်းဖြစ်သည်။
ခေါင်းဆောင်မှုဆိုင်ရာ ကမ္ဘာကျော် စာရေးဆရာ John C. Maxwell က “ခေါင်းဆောင်မှုသည် သြဇာလွှမ်းမိုးခြင်းဖြစ်သည်” ဟုဆိုပါသည်။ ဤအဆိုသည် မြန်မာနိုင်ငံ ခေါင်းဆောင်မှုနှင့် အထူး ဆီလျော်မှု ရှိပါသည်။ လောကီအဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်း နှစ်ခုစလုံးတွင် သြဇာလွှမ်းမိုးမှုသည် အဓိက အချက်တစ်ခု ဖြစ်သည်။ အသင်းတော်နှင့် သာသနာရေးလုပ်ငန်းများတွင် ဆရာ/မကြီး၊ ဒါရိုက်တာကြီး၊ ကျောင်းအုပ်ကြီး၊ ဥက္ကဌကြီး၊ သိက္ခာတော်ရဆရာကြီး စသည့် ရာထူးများက နေရာယူ နေကြောင်း တွေ့ရသည်။ ဤသို့ဖြင့် ခရစ်တော်၏ ခန္ဓာကိုယ် တည်းဟူသော အသင်းတော်နှင့် သာသနာ လုပ်ငန်းများကို ရှေ့မှဦးဆောင်မှုပြုခြင်းထက် မိမိကြိုက်သလို မောင်းနှင်ခြင်းသည် သာ၍ များပြားကြောင်း တွေ့ရသည်။  ထို့ကြောင့် ယေရှုက ခေါင်းဆောင်မှုနှင့် ပက်သက်၍ “လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါး အစေကို ခံခြင်းငှါ၎င်းင်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါ၎င်းင်း ကြွလာသတည်း” ဟု ပြောပါသည် (မာကု ၁၀း၄၅)။ ယေရှုကိုယ်တိုင် တပည့်တော်များ၏ ခြေထောက်များကို ဆေးကြောပေးခြင်းဖြင့် လက်တွေ့ပြသခဲ့ရာ “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိ၏” ဟု ပြောပါသည် (ယောဟန် ၁၃း၁၇)။ ထို့ကြောင့် သင်းအုပ် သို့မဟုတ် ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် ချစ်ခြင်းကို အခြေခံ၍ နှိမ့်ချခြင်းသဘောနှင့် ဘုရားသခင်၏ လူများကို ဦးဆောင်မှုပြုခြင်း ဖြစ်သည်။ ယုံကြည်သူများကို တပည့်တော်ကောင်းများ ဖြစ်စေ၍၊ ခရစ်တော်၏ အသက်တာနှင့် တူသော အသက်တာမျိုး ရရှိလာစေရန် ပို့ဆောင်ခြင်း ဖြစ်သည်။

သမ္မာကျမ်းစာနှင့်ညီညွတ်သော ခေါင်းဆောင်မှု

သင်းအုပ်သည် ၀ိညာဉ်ရေးရာခေါင်းဆောင် ဖြစ်သည် အားလျော်စွာ သူ၏ ခေါင်းဆောင်မှု သည်လည်း သမ္မာကျမ်းစာနှင့် ညီညွတ်သော ခေါင်းဆောင်မှု ဖြစ်ရန် လိုအပ်ပါသည်။ Fred Smith (ဖရက်စမစ်) က “သင်သည် သင်းအုပ်ဖြစ်သောကြာင့် အသင်းတော်က သင့်ကို သင်းအုပ်ဆရာလို့ ခေါ်နိုင်ပါတယ်။ ထိုသို့ ခေါ်ဆိုခြင်းက သင့်ကို ခေါင်းဆောင် ဖြစ်စေမှာ မဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာ ရာထူးမဟုတ်ဘူး၊ လုပ်ငန်းတာဝန်သာ ဖြစ်ပါတယ်။ အလုပ်လုပ်ခြင်းအားဖြင့်သာ သင်ဟာ ခေါင်းဆောင် ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ပြောပါသည်။ ဘုရားသခင်သည် ၀ိညာဉ်ရေးရာ၌ ခေါင်းဆောင် တစ်ယောက်ကို ၀ိညာဉ်ရေးရာ ရည်ရွယ်ချက်များ ပြီးမြောက်စေဖို့ရန် အသုံးပြုပါသည်။
၁။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် အစေခံခြင်း ဖြစ်သည်။
ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် ဘွဲ့၊ ဒီဂရီ၊ ဂုဏ်ဒြပ်၊ ရာထူးအားဖြင့် မဟုတ်ဘဲ၊ နှိမ့်ချခြင်းနှင့် အစေခံခြင်း ဖြစ်သည်။ ယာကုပ်နှင့် ယောဟန်တို့သည် ယေရှုထံ၌ ရာထူးနေရာ တောင်းခံသောအခါ ယေရှုက အကြီးအကဲ လုပ်ချင်သောသူသည် လူတကာ၏ အစေခံဖြစ်ရမည်ဟု ပြောဆိုခဲ့ပါသည် (မာကု ၁၀း၃၅-၄၅)။ အစေခံခြင်းဟုဆိုရာတွင် ဘုရားသခင်ကို အစေခံခြင်းသာ မဟုတ်ဘဲ လူများကို အစေခံခြင်းလည်း ဖြစ်ပါသည်။ သင်းအုပ်သည် ဘုရားသခင်၏ အစေကိုခံရသကဲ့သို့ ယုံကြည်သူများ အတွက် လိုအပ်လျှင် လိုအပ်သလို အစေခံရသည်။ ဓမ္မဟောင်းကျမ်းထဲ၌ မောရှေ၏ ခေါင်းဆောင်မှုသည် အစေခံကျွန် ခေါင်းဆောင်မှု ဖြစ်သည်။ သူသည် ဘုရားသခင် စေခိုင်းခဲ့သမျှ လုပ်ဆောင်ရသည်နည်းတူ ဣသရေလလူမျိုးများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရသည်၊ လုပ်ဆောင်ပေးရသည်။ ခေါင်းဆောင်ကြီး ဖြစ်သောကြောင့် ““ဆရာကြီ့း် ““နေရာတွင် မနေဘဲ အစေခံကျွန် တစ်ယောက်ကဲ့သို့ မိမိ၏ လိုအင်ဆန္ဒကို ငြင်းပယ်၍ အခြားသူများအတွက်လုပ်ဆောင်နေရသည်။ ထို့အပြင်၊ အစေခံကျွန်သည် သခင်အပေါ်၌ သစ္စာရှိပြီး နာခံမှု အပြည့်အ၀နှင့် အစေခံရမည်။
၂။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် မိမိလိုအင်ဆန္ဒကို ငြင်းပယ်ခြင်း ဖြစ်သည်။
ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် မိမိ၏အရေးထက် သူတပါး၏ အရေးအတွက် အမြဲတမ်း ဦးစားပေးသည်။ သခင်ယေရှုသည် ဘုရားစင်စစ် ဖြစ်သော်လည်း မိမိ၏ အသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကိုဆောင်ကာ လူကဲ့သို့ ဖွားမြင်ခြင်းကို ခံခဲ့သည်။ ထို့အပြင် လူသားများကို ကယ်တင်ရန် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်သည် မိမိကိုယ်ကို၎င်းင်း၊ မိမိ၏ လိုအင်ဆန္ဒကို၎င်းင်း ငြင်းပယ်ပြီး၊ သူတပါး၏အကျိုး၊ ကယ်တင်ခြင်း၊ လွတ်မြောက်ခြင်းအတွက် ကိုယ်ကျိုးစွန့်၍ လုပ်ဆောင်ရသည်။ ဆရာကြီး ယုဒသန်သည် ထိုလမ်းကို ရွေးချယ်ပြီး မြန်မာနိုင်ငံအတွက် အစေခံကျွန် အမှုတော်ဆောင်ခဲ့သည်။ ယနေ့ သာသနာလုပ်ငန်းတွင် ဦးဆောင်နေသော ခေါင်းဆောင်များ ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ သူတပါး၏ ၀ိညာဉ်ကယ်တင်ခြင်း လုပ်ငန်းအတွက် ရရှိသော ရန်ပုံငွေများ၊ မိမိနှင့် မိသားစုအကျိုးအတွက်သာ သုံးစွဲနေမိသလား ဟူသော အချက်ကို စစ်ဆေးကြည့်ရန် လိုပါသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် ပေးဆပ်ခြင်း ဖြစ်သည်၊ ရယူခြင်း မဟုတ်ပါ။ ဆုံးရှုံး၊ အနစ်နာခံခြင်း ဖြစ်သည်၊ ကောင်းစားခြင်း မဟုတ်ပါ။ ယေရှုက “အစွန့်အကြဲခံခြင်းရာထက် စွန့်ကြဲခြင်းအရာသည်သာ၍ မင်္ဂလာရှိ၏”” ဟုပြောပါသည် (တမန် ၂၀း၃၅)။
၃။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် ချစ်ခြင်းမေတ္တာဖြင့် ဦးဆောင်ခြင်း ဖြစ်သည်။
ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ယောက်သည် အသင်းတော်နှင့် အဖွဲ့အစည်းကို ဦးဆောင်နိုင်ရန် ချစ်ခြင်းမေတ္တာ ရှိရမည်။ ချစ်ခြင်းမေတ္တာဟုဆိုရာတွင် “ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှ ချစ်ရန်နှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရန်” ဟူ၍ နှစ်ချက် ရှိပါသည် (မာကု ၁၂း၃၀-၃၁)။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်သော သင်းအုပ်သည် ဘုရားသခင်ကို ချစ်သည်သာမက မိမိအသင်းတော်ကို ချစ်သောသူ ဖြစ်ရမည်။ ချစ်ခြင်းမေတ္တာ မပါဘဲ အသင်းသူ/သားများ၊ ဘုရားသခင်၏ သိုးတော်စုကို ကျွေးမွေးနိုင်မည် မဟုတ်ပါ (ယော ၂၁း၁၅-၁၇ အထိ ဖတ်ပါ)။ ထို့ကြောင့် ယေရှုက ကောင်းသောသိုးထိန်းသည် သိုးတို့ကို ချစ်သောကြောင့် သိုးတို့အတွက် မိမိအသက်ကိုပင် စွန့်တတ်၏ ဟူ၍ ပြောပါသည် (ယောဟန် ၁၀း၁၁၊၁၅)။ သို့သော် ကောင်းသောသိုးထိန်း မဟုတ်၊ ငှါးရမ်းထားသော သိုးထိန်းတို့သည် မိမိကိုယ်ကျိုးအတွက်သာ ရှေ့ရှု၍ နေတတ်သောကြောင့် ရန်သူလာသောအခါ သိုးတို့ကို စွန့်ပစ်၍ ထွက်ပြေးတတ်၏ (ယောဟန် ၁၀း၁၂-၁၃)။ ကောင်းသော သိုးထိန်းသည် မိမိသိုးတို့ကို ချစ်သောကြောင့် သိုးတို့ကို ဆင်းရဲဒုက္ခမခံစေဘဲ၊ စိမ်းလန်းသော ကျက်စားရာအရပ်၌ အိပ်စေ၍ သာယာသော မြစ်နားသို့ လမ်းပြတတ်၏။ ထိုမျှမက သိုးတို့သည် အတိဒုက္ခရောက်၍ ကြောက်မက်ဖွယ်ရာ သေမင်း၏အရိပ် လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားသည့် အချိန်မှာပင်၊ သိုးထိန်းသည် သူတို့နှင့်အတူ လိုက်လာ၍ ရန်သူလက်ထဲမှ ကယ်နှုတ်တတ်၏ (ဆာလံ ၂၃ ဖတ်ပါ)။ ထို့ကြောင့် ရှင်ပေတရုက သိုးထိန်း၊ သင်းအုပ်တို့ကို သတိပေးရာတွင် သိုးတို့ကို အနိုင်မကျင့်ဖို့၊ မိမိစီးပွားအတွက် သိုးထိန်း အလုပ်လုပ်မလုပ်ဖို့၊ သို့သော် သိုးတို့ကို စေတနာစိတ်၊ ချစ်ခြင်းမေတ္တာစိတ်နှင့် ထိန်းကျောင်းဖို့ ပြောခဲ့သည် (၁ပေ ၅း၂)။
၎။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်မှုသည် ကောင်းသော ပုံသက်သေကိုပြခြင်း ဖြစ်သည်။   
ဝိညာဉ်ရေးရာ ခေါင်းဆောင်သည် အပြောသက်သက် မဟုတ်ဘဲ၊ မိမိကိုယ်တိုင် လုပ်ဆောင်၍ ပုံသက်သေ ပြခြင်းဖြင့် ထိရောက်အောင်မြင်နိုင်သည်။ အချို့သော ခေါင်းဆောင်များက “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဟု ပြောတတ်ပါသည်။ သို့ရာတွင် သမ္မာကျမ်းစာနှင့် ညီညွတ်သော ၀ိညာဉ်ရေးရာ ခေါင်းဆောင်များသည် လူများကို အမိန့်ပေးခြင်းသာ မဟုတ်ဘဲ၊ မိမိတို့ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်တတ်သည်။ ဥပမာ- နေဟမိသည် ယေရုရှလင်မြို့ရိုး ပြန်လည် တည်ဆောက်ရာတွင် သူ၏ လူများနှင့်အတူတကွ လုပ်ဆောင်တတ်သည် (နေဟမိ ၄ ကို ဖတ်ပါ)။ ယေရှုသည်လည်း နှိမ့်ချခြင်းဖြင့် အစေခံခြင်းအမှုနှင့် ပတ်သက်၍ သူကိုယ်တိုင် တပည့်တော်များ၏ ခြေထောက်ကို ဆေးကြောပေးခြင်းဖြင့် လက်တွေ့ ပြသပေးခဲ့သည်။ ယေရှုက “ငါသည် သင်တို့၌ ပြုသကဲ့သို့ သင်တို့ ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိကြ၏” (ယောဟန် ၁၃း၁၅၊၁၇)။ ရှင်ပေါလုကလည်း “ငါသည် ခရစ်တော်နည်းတူ ကျင့်သကဲ့သို့ သင်တို့သည်လည်း ငါ့နည်းတူ ကျင့်ကြလော့” ဟု ပြောပါသည် (၁ကော ၁၁း၁၊ ဖိလိ ၄း၉)။ ဧဖက်မြို့အသင်းတော်၏ သင်းအုပ်ဆရာဖြစ်သော တိမောသေကို “စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကို ချစ်ခြင်း၊ ၀ိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ ယုံကြည်သော သူတို့အား ပုံသက်သေကို ပြလော့” ဟု ပြောခဲ့သည် (၁တိ ၄း၁၂)။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်သော သင်းအုပ်သည် ယုံကြည်သူများအား ဆုတောင်းခြင်း၊ ပေးကမ်းခြင်းနှင့် ကျင့်ကြံပြုမူခြင်း စသည်တို့တွင် စကားအပြောအဆို အားဖြင့်သာ အားပေးတိုက်တွန်းခြင်း မဟုတ်ဘဲ၊ ပုံသက်သေအဖြစ် သူတို့၏ ရှေ့တွင် ဦးဆောင်မှု ပြုရပါမည်။

လက်တွေ့ ဦးဆောင်ခြင်း

ခေါင်းဆောင်များသည် ဦးဆောင်မှု ပြုသောသူများ ဖြစ်သည်။ ခေါင်းဆောင်များ၏ လုပ်ငန်းတွင် လိုအပ်သော ရူပါရုံများ ထားရှိခြင်း၊ ရူပါရုံ အကောင်အထည် ဖော်နိုင်ဖို့ရန် အခြားသောသူများအား အကူအညီအဖြစ်ထားရှိခြင်း၊ အခြားသောသူများကို ကိုယ်စားလှယ်လွှဲအပ်ခြင်းနှင့် ရူပါရုံ အကောင်အထည် ဖော်နိုင်ရန် အဖွဲ့အစည်း တစ်ခုလုံးကို အားပေးလှုံ့ဆော်ခြင်းများ ပါဝင်ပါသည်။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်များ၏ ရူပါရုံ သို့မဟုတ် ရည်မှန်းချက်သည် ဘုရားသခင်ထံမှ ရရှိပါသည်။ ထိုရည်မှန်းချက် အောင်မြင်နိုင်ရန်အတွက် အသင်းတော်၏ အကူအညီ လိုအပ်ပါသည်။ ထို့အပြင် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိနိုင်ရန် အသင်းတော်ကို အမြဲတစေ အားပေးလှုံ့ဆော်ရပါမည်။ သို့ဖြစ်၍ ၀ိညာဉ်ရေးရာ ခေါင်းဆောင် ဖြစ်သောသင်းအုပ်သည်လည်း ရူပါရုံ၊ အကူအညီပေးမည့်သူများ၊ ကိုယ်စားလှယ်လွှဲခြင်းနှင့် အားပေးလှုံ့ဆော်ခြင်းများဖြင့် အောင်မြင်သော ခေါင်းဆောင်မှု ပြုသွားနိုင်သည်။

ရူပါရုံ

သင်းအုပ်များသည် ရူပါရုံရှိသောသူများ ဖြစ်ရမည်။ ရူပါရုံသည် သူတို့ကို ဘယ်အရာ လုပ်သင့်သည်၊ ဘယ်နေရာ သွားရမည်၊ ဘယ်လို လုပ်ရမည် စသည်တို့ကို လမ်းညွှန်ပေးသည်။ တနည်းအားဖြင့်၊ ရူပါရုံသည် အဖွဲ့အစည်းနှင့် အသင်းတော်ကို အသက်သွင်းပေးသည်။ ဤနေရာ၌ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ခြားနားချက်များ တွေ့နိုင်သည်။ ခေါင်းဆောင်မှုသည် ရူပါရုံကို ပံ့ပိုးပေး၍ စီမံခန့်ခွဲမှုသည် ထိုရူပါရုံကို အကောင်အထည်ဖော်စေသည်။ Stephen Covey က The Seven Habits of Highly Effective People စာအုပ်ထဲတွင် “စီမံခန့်ခွဲမှုသည် အောင်မြင်သော လှေခါးတက်ရန် တတ်စွမ်းနိုင်ပြီး၊ ခေါင်းဆောင်မှုသည် လှေခါးကို မှန်သော နံရံပေါ်၌ မှီ၍ ထောင်ထားခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ပေးသည့်” ဟု ဆိုပါသည်။ စီမံခန့်ခွဲမှုသည် အလုပ်ကို မှန်ကန်စွာ ပြုလုပ်ပြီး၊ ခေါင်းဆောင်မှုသည် မှန်ကန်သော အလုပ်ကို လုပ်ပါသည်။
ခေတ်ကာလ အဆက်ဆက် အောင်မြင်သော ခေါင်းဆောင်များသည် ရှေ့ရေးကို မြင်နိုင်သောသူများ၊ ရူပါရုံရှိသောသူများ၊ ယုံကြည်ခြင်းရှိသောသူများ ဖြစ်ကြသည်။ ရူပါရုံသည် ပန်းတိုင်ကို လမ်းညွှန်ပေးပြီး၊ အကောင်အထည်ဖော် လုပ်ဆောင်မည့် သူများကိုလည်း ခွန်အားပေးသည်။ သင်းအုပ်သည် အသင်းတော်အတွက် ဘုရားသခင်ဖြစ်စေလိုသောအရာနှင့် လုပ်ဆောင်စေလိုသော အရာများကို မြင်နိုင်ရမည်။
ရူပါရုံ ရရှိနိုင်သော ဇစ်မြစ်များစွာ ရှိပါသည်။ သို့သော် ၀ိညာဉ်ရေးရာခေါင်းဆောင်တည်းဟူသော သင်းအုပ်အတွက် ရူပါရုံသည် သမ္မာကျမ်းစာမှတဆင့် ဘုရားသခင်ထံမှ လာရောက်ခြင်း ဖြစ်သည်။ အသင်းတော်ရှိ ဘုရားသခင်၏ လူများအား တပည့်တော်ကောင်းများ ဖြစ်စေခြင်း၊ ၀ိညာဉ်တော်နှင့် ပြည့်စုံစေခြင်း၊ အသင်းတော် တိုးတက်ခြင်းမှစ၍ ရူပါရုံများ ထားရှိခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေရမည်။
“ဗျာဒိတ်တော် (ရူပါရုံ) မရှိလျှင် လူတို့သည် အကျိုးနည်း ဖြစ်ကြ၏” (သုတ္တံ ၂၉း၁၈)။

အကူအညီ ရယူခြင်း

လုပ်ငန်းတစ်ခု သို့မဟုတ် ရူပါရုံ အကောင်အထည် ဖော်နိုင်ဖို့ရန် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ပါ။ ရူပါရုံထားရှိသော ခေါင်းဆောင်က မိမိထားရှိသော ရူပါရုံ ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် အကူအညီများ လိုအပ်ပါသည်။ အကူအညီပေးမည့်သူများဟု ဆိုရာ၌ ထိုလုပ်ငန်းတွင် ကျွမ်းကျင်သောသူ၊ စိတ်အားထက်သန်မှု ရှိသောသူ၊ အတူတကွ ပူးပေါင်းဆောင်ရွက်လိုသောသူနှင့် အဖွဲ့အစည်း၏ လုပ်ငန်းသဘော နားလည်သောသူများ ရရှိဖို့လိုသည်။ ထိုကဲ့သို့ အရည်အချင်းရှိသော သူများကို အတူတကွ လုပ်ငန်းဆောင်ရွက်နိုင်ဖို့ရန် အားပေးလှုံ့ဆော်ရမည်။ အောင်မြင်သော ခေါင်းဆောင်သည် အကူအညီပေးမည့် သူများကို မည်သို့ ခေါ်ယူပြီး အဖွဲ့အစည်းမှ ထားရှိသော ရူပါရုံ ပန်းတိုင်သို့ မည်သို့ လက်တွဲသွားရမည်ကို သိရှိနားလည်သည်။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်များက ခရစ်တော်၏ နောက်ကို လိုက်ရမည်။ ခရစ်တော်က လူတစ်ဆယ့်နှစ်ယောက်ကို သူ၏ တပည့်တော်များ ဖြစ်ရန် ရွေးချယ်ပြီး သုံးနှစ်သုံးမိုး အားပေး သွန်သင်ခဲ့သည်။
သင်းအုပ်သည် အသင်းတော်တွင် ယုံကြည်သူများကို တပည့်တော်များ ဖြစ်စေရန် အားပေး တိုက်တွန်းခြင်း၊ ဆုံးမသွန်သင်ခြင်း ပြုလုပ်ပေးသည် သာမက ထိုသူတို့အား ခရစ်တော်၏ ခန္ဓာကိုယ် တည်ဆောက်ရာတွင် မိမိတို့ တတ်နိုင်သည့်ကဏ္ဍမှ စွမ်းရည်များကို အသုံးပြုလျက် အလုပ် လုပ်တတ်သောသူများ ဖြစ်ဖို့ သွန်သင်ပေးရန်လိုသည်။ ယုံကြည်သူတိုင်းသည် ဆုကျေးဇူး အသီးသီးရှိကြသည်ကို သတိပြုပြီး၊ ထိုဆုကျေးဇူးများအားဖြင့် အသင်းတော် တည်ဆောက်ရေး လုပ်ငန်းနှင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် ပါဝင်လှုပ်ရှားနိုင်ရန် လမ်းဖွင့်ပေး၍ အသုံးချတတ်ရမည်။ အဘယ့်ကြောင့်ဆိုသော်၊ ယုံကြည်သူများသည် အလုပ်လုပ်ချင်သောသူများ၊ အသင်းတော်အတွက် ပါဝင်ချင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့်၊ ထိုကဲ့သို့သော သူများကို အသိအမှတ်ပြုခြင်းနှင့် လေးစားမှုများ ပြသရမည်။ အကယ်၍ သင်းအုပ်က ခေါ်ဖိတ်တောင်းဆိုပါက ယုံကြည်သူများသည် သူတို့၌ရှိသော အရည်အချင်း၊ ဆုကျေးဇူးများနှင့် ရရှိသော အချိန်များတွင် အလုပ်လုပ်နိုင်သောသူများ ဖြစ်ကြသည်။

တာဝန်လွှဲအပ်ခြင်း

ရူပါရုံ ပန်းတိုင်ရောက်နိုင်ရန် အခြား လိုအပ်သော အချက်တစ်ခုမှာ တာဝန်လွှဲအပ်ခြင်း (သို့မဟုတ်) ကိုယ်စားလှယ် လွှဲအပ်ခြင်း ဖြစ်သည်။ တာဝန်လွှဲအပ်ခြင်း ဆိုသည်မှာ မိမိ၏ လုပ်ငန်းအချို့ကို အခြားသူ တစ်ယောက်ယောက်က လုပ်ဆောင်ရန် တာဝန်ပေးခြင်း၊ လုပ်ငန်းတာဝန်နှင့် အခွင့်အာဏာများကို အခြားသူများထံ လွှဲအပ်ခြင်း ဖြစ်သည်။ အရာခပ်သိမ်း မိမိကသာ လုပ်နိုင်သည်၊ လုပ်သင့်သည် ဟူသော ခံယူချက်နှင့် သူတပါးကို စိတ်မချနိုင်ခြင်းတို့ကို ဖယ်ရှားခြင်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များသည် လုပ်ငန်းတာဝန် လွှဲအပ်ခြင်း ပြုကြသော်လည်း လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်းမရှိသောကြောင့် လွှဲအပ်ခြင်း ခံရသောသူသည် မိမိအလိုအလျောက် မည်သို့မျှ ဆုံးဖြတ်ချက်မချရဲဘဲ နေတတ်ကြသည်။ တနည်းအားဖြင့် တာဝန်လွှဲအပ်ခြင်းသည် လုပ်ငန်းတစ်ခုတွင် ပို၍ များသော လူများကို ပါဝင် လုပ်ဆောင်ခွင့် ပြုခြင်းလည်း ဖြစ်ပါသည်။
ယေရှုသည် တပည့်တော် ၁၂ပါးတို့ကို လုပ်ငန်းတာဝန်နှင့် အခွင့်အာဏာတို့ကို အပ်နှင်းခဲ့သည်။ တပည့်တော်တို့ကို နတ်ဆိုးနှင်ထုတ်ရသောအခွင့်၊ အနာရောဂါ အမျိုးမျိုး ငြိမ်းနိုင်သောအခွင့်နှင့် သေသောသူတို့ကို ထမြောက်စေနိုင်သော အခွင့်အာဏာများကို ကောင်းကင်နိုင်ငံတော် ဟောပြောခြင်းနှင့်အတူ လွှဲအပ်ပေးခဲ့သည် (မဿဲ ၁၀း၁)။ ထို့အပြင် ကောင်းကင်သို့ ချီဆောင်ခြင်း မခံမီ တပည့်တော်တို့အား သူ၌ရှိသော ကောင်းကင်ဘုံနှင့် မြေကြီးပေါ်မှာ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို လွှဲအပ်ပေးခဲ့သည် (မဿဲ ၂၈း၁၈)။
တာဝန်လွှဲအပ်ခြင်းသည် ခေါင်းဆောင်မှုကို လက်လွှတ်ခြင်း သို့မဟုတ် ခေါင်းရှောင်ခြင်း မဟုတ်ဘဲ၊ လုပ်ငန်းပို၍ အောင်မြင်မှု ရရှိနိုင်ရန် ထိရောက်သော ခေါင်းဆောင်မှု တာဝန်ခွဲဝေခြင်း ဖြစ်သည်။ မောရှေသည် ဣသရေလလူမျိုးများ၏ အမှုကိစ္စအားလုံးတို့ကို သူတစ်ယောက်တည်း စီရင်နေသဖြင့် အလွန်ပင်ပန်းသောအခါ သူ၏ ယောက္ခမယေသရောက လုပ်ငန်းတာဝန်ခွဲဝေဖို့ရန် အကြံပြုခဲ့သည်။ ထို့ကြောင့် ယေသရောက မောရှေအား ဣသရေလလူမျိုးများထဲမှ “ဘုရားသခင်ကို  ကြောက်ရွံ့လျက်၊ သစ္စာနှင့် ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို လူအပေါင်းတို့ထဲက ရွေး၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် အရာ၌ ခန့်ထားရမည်။ ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူများကို စီရင်ကြစေ။ ကြီးသောအမှု၌ သင်၏ အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ၀ိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်” ဟု ပြောပါသည်။ မောရှေသည်လည်း ယေသရော၏ စကားကို နားထောင်သဖြင့် သူ၏ ၀န်ပေါ့သွားသည် (ထွက် ၁၈း၁၃-၂၆)။ တာဝန်ခွဲဝေမှု၊ အပ်နှင်းမှု လစ်ဟင်းပါက ခြေကုန်လက်ပန်းကျ သွားနိုင်သည်။
တာဝန်လွှဲအပ်ရာတွင် လုပ်ငန်းတာဝန်ခွဲဝေမှု ရှင်းရှင်းလင်းလင်းဖြစ်ရန် အထူး လိုအပ်သည်။ လွှဲအပ်ခြင်း ခံရသောသူ၏ အရည်အချင်း၊ စွမ်းရည်တို့နှင့်အညီ လုပ်ရမည့် လုပ်ငန်းလည်း ရှင်းလင်းရန် လိုအပ်သည်။ ထို့နောက် ထိုလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကိုလည်း အနီးကပ် ကြည့်ရှုပြီး အောင်မြင်မှုများအပေါ်၌ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုတတ်ရန် လိုအပ်ပါသည်။
ဝိညာဉ်ရေးရာ ခေါင်းဆောင်သည် တာဝန်လွှဲအပ်၍ မရနိုင်သော လုပ်ငန်းများလည်း ရှိသည်။ ဥပမာ- ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ လေ့လာခြင်း၊ သင်ကြားပေးခြင်း၊နှင့်စီမံကိန်းရေးဆွဲခြင်း စသည်တို့ကို ကိုယ်တိုင် လုပ်ဆောင်ရမည်။ တမန်တော်များက ယေရုရှလင် အသင်းတော်၏ လူမှုရေးကိစ္စ၊ အသင်းတော်ကိစ္စများ ဆောင်ရွက်ရန်၊ ၀ိညာဉ်တော်နှင့်၎င်းင်း၊ ပညာနှင့်၎င်းင်း၊ အသရေနှင့် ပြည့်စုံသော လူခုနှစ်ယောက် ရွေးချယ်၍ တာဝန်ပေးသည်။ သို့သော် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောကြားခြင်းကိုမူ သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့သည် (တမန် ၆း၁-၆)။
သင်းအုပ်မှစ၍ ၀ိညာဉ်ရေးရာ ခေါင်းဆောင်များက အခြားသူ တစ်ယောက်ယောက်ကို တာဝန်အပ်နှင်းရန် မလိုလားခြင်းမှာ လူကို စိတ်မချနိုင်ခြင်း၊ တာဝန်လွှဲအပ်ခြင်း ခံရသောသူက လုပ်ငန်းမကိုင်တွယ်နိုင်မည်ကို စိုးရိမ်ခြင်း၊ တာဝန်လွှဲအပ်ခြင်း ခံရသောသူက ပို၍ လုပ်ဆောင်နိုင်မည်ကို စိုးရိမ်ခြင်း၊ မိမိ အားနည်းချက်များ ပေါ်လွင်မည်ကို စိုးရိမ်ခြင်း၊ အာဏာသိမ်းသွားမည်ကို စိုးရိမ်ခြင်း၊ လုပ်ငန်း မပြီးနိုင်မည်ကို စိုးရိမ်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။
တာဝန်လွှဲအပ်နိုင်ခြင်း၏ အကျိုးကျေးဇူးများမှာ-
  ၁။ ၀ိညာဉ်ရေးရာနှင့် အသင်းတော်အတွက် ရလဒ်ကောင်းများ ဖြစ်စေခြင်း၊
  ၂။ လုပ်ငန်းတာဝန် ပေါ့သွားပြီး၊ စိတ်သက်သာရာရ၍ ပျော်ရွှင်ခြင်း၊
  ၃။ အတွေးအမြင်သစ်များ ရရှိနိုင်ခြင်း၊
  ၄။ အရည်အချင်း၊ စွမ်းရည်နှင့် ဆုကျေးဇူး အသီးသီးတို့ကို ဖော်ထုတ်နိုင်ခြင်း၊
  ၅။ အသင်းတော်၊ အဖွဲ့အစည်း လုပ်ငန်း၌ လူများပါဝင်နိုင်ပြီး အောင်မြင်မှု ပိုမို ရရှိနိုင်ခြင်း၊
  ၆။ သူတပါးကိုလည်းအားပေး လှုံ့ဆော်နိုင်ခြင်း၊
လုပ်ငန်းတာဝန် လွှဲအပ်သည့်အခါ မှားယွင်းမှုများ ရှိနိုင်ပါသည်။ သို့သော် ယင်းမှားယွင်းမှုများကို ချက်ခြင်း အပြစ်မတင်မိရန် သတိပြုရမည်။ အဘယ့်ကြောင့်ဆိုသော် မိမိသည်လည်း အခြားသော နေရာများ၌ မတော်တဆ မှားယွင်းနိုင်သည်ကို သိထားရမည်။

အားပေးလှုံ့ဆော်ခြင်း

ခေါင်းဆောင်များသည် ရူပါရုံ ထားရှိခြင်း၊ လုပ်သားများ ထားရှိခြင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ခြင်းအပြင် သတ်မှတ်ထားသော အချိန်ကာလအတွင်း လုပ်ငန်း အောင်မြင်ပြီးမြောက်နိုင်ရန် လုပ်သားများကို အားပေးလှုံ့ဆော်ရမည်။ လုပ်သားများကို ပြင်းထန်စွာ မရပ်မနား လုပ်ခိုင်းခြင်းထက် အားပေးလှုံ့ဆော်ခြင်းသည် အလုပ်ပြီးမြောက်နိုင်ရန် ပို၍ အရေးကြီးသည်။ ၀ိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်သော သင်းအုပ်သည် ယုံကြည်သူများကို အားပေးတတ်ရမည်။ အသင်းတော်၏ လုပ်ငန်းများဖြစ်သော သာသနာပြုခြင်းနှင့် ဧ၀ံဂေလိလုပ်ငန်း၊ ဓမ္မပညာ၊ တေးဂီတ၊ လူကြီး၊ လူငယ် ကျမ်းစာသင်တန်းများ၊ အမျိုးသမီး၊ အမျိုးသား အဖွဲ့၏ လုပ်ငန်းများ၊ အသင်းတော် တည်ဆောက်ရေး လုပ်ငန်းစသည့် လုပ်ငန်းအမျိုးမျိုးတို့၌ ယုံကြည်သူများ စိတ်အားထက်သန်စွာ ပါဝင် လှုပ်ရှားနိုင်ရန် အားပေးလှုံ့ဆော်ရန် လိုအပ်သည်။ ထားရှိသော ရူပါရုံ၊ ပန်းတိုင်၊ ရည်မှန်းချက်တို့ကို မည်ကဲ့သို့ အရောက်ခြေလှမ်းနိုင်ရမည်၊ မည်သို့ လုပ်ဆောင်ရမည် စသည်အားဖြင့် အသင်းတော်ကို အမြဲ အားပေးရမည်။ မိမိ၏ လုပ်ဖော်ဆောင်ဖက်များကို၎င်းင်း၊ လုပ်ငန်းဌာန အသီးသီး၌ ဦးဆောင်သောသူများ၊ လက်တွေ့ ပါဝင်လှုပ်ရှားသော သူများ စိတ်ဓါတ်ကျ ပင်ပန်းနွမ်းနယ်ခြင်း မရှိစေရန် အားပေးလှုံ့ဆော်ရမည်။
နေဟမိသည် ယေရုရှလင်မြို့ရိုး ပြန်လည် တည်ဆောက်သောအခါ ရန်သူများ၏ စိန်ခေါ်မှု၊ ကဲ့ရဲ့ပြစ်တင်မှု၊ မဟုတ်မမှန် ပြောဆိုမှုများ ကြားထဲ၌ပင် မိမိ၏ လူများကို အတတ်နိုင်ဆုံး အားပေးလှုံ့ဆော်တတ်သောသူ ဖြစ်သည်။ သူသည် မိမိလူများ၏ စိတ်ဓါတ်ရေးနှင့် ၀ိညာဉ်ရေး ရပ်တည်မှု မှန်ကန်စေရန် အထူး အားပေးလှုံ့ဆော်ခဲ့သည်။ ထို့အပြင် ဆင်းရဲသားများကိုလည်း အတတ်နိုင်ဆုံး သူတို့အတွက် အစားအသောက် ပြတ်လတ်မှုမရှိစေရန် မစကူညီပေးခဲ့သည် (နေဟမိ ၅ ကို ဖတ်ပါ)။  ထို့ကြောင့်ယေရုရှလင်မြို့ရိုးကို-၅၂ ရက်အတွင်းပြီးမြောက်အောင် တည်ဆောက်နိုင်ခဲ့သည် (နေဟမိ ၆း၁၅)။
Source :Pastor Cung Sermon Blog

1 comment

Add your comment

Your email address will not be published.