ယုံကြည်သူများ၏ အခွင့်အာဏာ

အိမ်ထောင်မိသားစုမှစ၍ လူမှုအဖွဲ့အစည်း၊ လုပ်ငန်းကုမ္ပဏီ၊ အသင်းတော်နှင့် အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတွင် တာဝန်ရှိသူများသည် အတိုင်းအတာတစ်ခုအထိ အာဏာထားတတ်ကြစမြဲ ဖြစ်သည်။ ထိုအာဏာကို မှန်ကန်စွာ အသုံးပြုတတ်ပါက အောင်မြင်မှုရရှိနိုင်သကဲ့သို့၊ မှားယွင်းစွာ သုံးစွဲမိပါက အာဏာအလွဲသုံးစားသည်ဟု သတ်မှတ်ခြင်းခံရသည်။ ထိုနည်းတူစွာ ယုံကြည်သူခရစ်ယာန်များသည်လည်း မိမိရရှိထားသော အခွင့်အာဏာကို အသုံးချတတ်သူများဖြစ်ဖို့ လိုအပ်ပါသည်။
အခွင့်အာဏာကို မည်သို့ရရှိနိုင်သနည်း
သမ္မာကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ဘုရားသခင်သည် လူသားကို ဖန်ဆင်းသည့်အခါ “ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရိစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ” ဟု အမိန့်တော်ရှိ၏။ ထို့အပြင် ဘုရားသခင်သည် သူ၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထးသော လူယောက်ျားနှင့် လူမိန်းမတို့ကိုလည်း “အချင်းတို့ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟူ၍ အခွင့်အာဏာပေးထားခဲ့သည် (ကမ္ဘာဦး ၁း၂၆-၂၈)။ သို့သော် လူသည် ဘုရားသခင်၏ စကားကို နာမခံဘဲ စာတန်စကားနားထောင်၍ အပြစ်ဖြစ်လာသောအချိန်မှစ၍ ထိုအခွင့်အာဏာစက် များကို လက်လွှတ်ဆုံးရှုံးခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင် အခွင့်အာဏာကို လူတို့အား တိုက်ရိုက် မပေးတော့ဘဲ သားတော် ယေရှုခရစ်တော်ထံသို့ အပ်နှံခဲ့သည်။ ယေရှုက “ကောင်းကင်ဘုံ၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှီသမျှကို ငါခံရပြီ” (မဿဲ ၂၈း၁၈) ဟု ပြောခဲ့ပါသည်။ ဘုရားသခင်သည် ထိုအခွင့်အာဏာကို လူသားတို့ထံ ပြန်လည် အပ်နှံရန် အလိုရှိသည်။ သို့ဖြစ်၍ ပထမဦးဆုံး ယေရှုခရစ်တော်ကို ယုံကြည် လက်ခံရမည်။ သို့မှသာလျှင် ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ရရှိပြီး ခရစ်တော်၌ရှိသော အခွင့်အာဏာများ ရရှိခံစားနိုင်မည် ဖြစ်သည် (ယောဟန် ၁း၁၂)။
ထိုမျှမက ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောသူတိုင်းတို့သည် မင်းစည်းစိမ်ရှိယဇ် ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း (၁ ပေတရု ၁း၉) ဖြစ်ခြင်း၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပရောဟိတ်အရာ၌လည်းကောင်း ခန့်ထားခြင်းကို ခရစ်တော်၏ အသွေးတော်အားဖြင့် ခံစားခွင့်ရရှိကြသည် (ဗျာဒိတ် ၁း၅-၆)။ ဤလောက၌ နေရသော်လည်း လောကအတွက်မဟုတ်၊ လောကနှင့်မပတ်သက်သော ဘုရားသခင်၏ မိသားစုဝင် အိမ်တော်သားများ ဖြစ်ကြသည် (ဧဖက် ၂း၁၉)။ ထို့ကြောင့် ယုံကြည်သူများသည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် တိုက်ရိုက်ပတ်သက်နေသောသူများ ဆက်သွယ်နေသောသူများဖြစ်သည် သာမက ဘုရားသခင်ပေးသော အခွင့်အာဏာများကို ခရစ်တော်အားဖြင့် ပိုင်ဆိုင်ခွင့်၊ အသုံးချခွင့်ရရှိသောသူများ ဖြစ်ကြသည်။ ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုထက်သာ၍ ကြီးသော အမှုတို့ကိုလည်း ပြုလိမ့်မည်” (ယောဟန် ၁၄း၁၂) ဟူ၍ ကတိပေးခဲ့သည်။
ခရစ်တော်ပေးသော အခွင့်အာဏာများ
ယေရှုခရစ်တော်ပေးသော အခွင့်အာဏာသည် မဟာမိန့်မှာချက်နှင့် ပတ်သက်မှုရှိကြောင်း တွေ့ရသည်။ ကောင်းကင်ဘုံ၌ လည်းကောင်း၊ မြေကြီးပေါ်၌လည်းကော်ငး အခွင့်အာဏာရှိသမျှတို့ကို ယေရှုခရစ်တော် ရရှိပြီးမှ တပည့်တော်များအား လောကီနိုင်ငံအရပ်ရပ်သို့သွား၍ ဝေနေယျသတ္တ၀ါအပေါင်းတို့အား ဧ၀ံဂေလိတရားဟောဖို့ရန် မိန့်မှာခဲ့သည် (မာကု ၁၆း၁၅)။ တပည့်တော်များ၏ တာဝန်သာ မဟုတ်ဘဲ ယုံကြည်သောသူတိုင်း ဧ၀ံဂေလိတရား ဝေငှသက်သေခံနိုင်သော အခွင့်ရှိကြပါသည်။ ထို့နောက် ယုံကြည်သောသူများအား “ငါတပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” (မဿဲ ၂၈း၁၉) ဟူ၍ တပည့်တော်များထံသို့ အခွင့်အာဏာ လွှဲပြောင်းပေးခဲ့သည်။ အမှန်အားဖြင့်ဆိုလျှင် မည်သည့်အသင်းတော်၊ အဖွဲ့အစည်း၏ လက်မှတ်နှင့် ထောက်ခံစာမလိုဘဲ ဧ၀ံဂေလိတရား သက်သေခံဝေငှခြင်း ပြုနိုင်သည်ဟု ဆိုနိုင်ပါသည်။
ထို့အပြင် ယေရှုသည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား ဧ၀ံဂေလိတရား ဟောပြောဖို့ရန် စေလွှတ်သည့်အခါ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှလည်းကော်ငး၊ အနာရောဂါအမျိုးမျိုး ငြိမ်းစေခြင်းငှါလည်းကောင်း အခွင့်ပေးတော်မူကြောင်း တွေ့ရသည် (မဿဲ ၁၀း၁၊ မာကု ၆း၇၊ လုကာ ၉း၁)။ အများအားဖြင့် ဤအရာများကို နိမိတ်လက္ခဏာဟု သတ်မှတ်ကြကြောင်း တွေ့ရသည်။ ထိုနိမိတ်လက္ခဏာများကို ယေရှုက “ငါ့နာမဖြင့်” ပြုနိုင်လိမ့်မည်ဟု ဂတိပြုခဲ့ပြီး ဖြစ်ပါသည် (မာကု ၁၆း၁၇)။ တစ်နည်းအားဖြင့်ဆိုသော် ဧ၀ံဂေလိတရား ဟောပြော သက်သေခံသောနေရာ၌ နိမိတ်လက္ခဏာများ ဖြစ်သော နတ်ဆိုးနှင်ထုတ်ခြင်းနှင့် အနာရောဂါအမျိုးမျိုးငြိမ်းတို့ကို တပါတည်း ဒွန်တွဲ၍ တွေ့ရှိနိုင်သည်။ နိမိတ်လက္ခဏာသည် ဧ၀ံဂေလိတရားကို အတည်ပြုပေးခြင်း ဖြစ်သည်။ ဤသို့သော အံ့ဘွယ်နိမိတ်လက္ခဏာများသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးမှလည်းဖြစ်ပေါ်ကြောင်းကို တမန်တော်ဝတ္ထုအားဖြင့်လည်း သက်သေခံလျက်ရှိသည်ကို တွေ့ရသည်။ တမန်တော်များ ၀ိညာဉ်တော် တန်ခိုး ခံစားပြီးမှ နိမိတ်လက္ခဏာများပြုခဲ့ကြသည်ကို တွေ့ရပါသည် (ဥပမာ ။  ။ ပေတရု – တမန် ၅း၁၅။ ၉း၄၀-၄၁။ ပေါလု – တမန် ၁၃း၉-၁၂။ တမန် ၁၆း၁၆-၁၈။ ၁၉း၁၁-၁၂)။

ယဇ်ပရောဟိတ်နှင့်ရှင်ဘုရင် အခွင့်အာဏာ

သမ္မာကျမ်းစာက ခရစ်တော်ကို ယုံကြည်သောသူတို့အား ယဇ်ပရောဟိတ်အရာနှင့် ရှင်ဘုရင်အရာအဖြစ် ခန့်အပ်ခြင်း ခံရသည်ဟု ဖော်ပြထားသည် (၁ ပေတရု ၁း၉၊ ဗျာဒိတ် ၁း၅-၆)။ ယဇ်ပရောဟိတ်၏ အခွင့်အာဏာဆိုတာဘာလဲဟု မေးခွန်းမေးစရာ ရှိပါသည်။ ယဇ်ပရောဟိတ်သည် သမ္မာကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ပရိတ်သတ်များကိုယ်စား ဘုရားသခင်ထံသို့ ယဇ်ပူဇော်သောသူ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်နှင့် လူတို့ကြားမှာ ကိုယ်စားပြု ဖြန်ဖြေပေးသောသူ ဖြစ်သည်။ ယုံကြည်သူများကို ယဇ်ပရောဟိတ်အရာ၌ ခန့်ထားသည်ဟုဆိုရာ၌ ဘုရားသခင်ထံ တိုက်ရိုက် စကားပြောနိုင်သော အခွင့်အာဏာ သို့မဟုတ် ဆုတောင်းရသော အခွင့်အာဏာ ရရှိခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယေရှုက “ဆုတောင်းကြလော့၊ တောင်းလျှင်ရမည်” (မဿဲ ၇း၇) ဟူ၍လည်းကောင်း၊ သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်” (ယောဟန် ၁၄း၁၃) ဟူ၍ လည်းကောင်း ဂတိပေးခဲ့သည်။ ဓမ္မဟောင်းခေတ်တွင် လူထုပရိတ်သတ်အတွက် ယဇ်ပရောဟိတ်ကသာ ဘုရားသခင်ထံ တောင်းလျှောက်ခွင့်ရှိသော်လည်း ယခုအခါ ယုံကြည်သောသူတိုင်း ဘုရားသခင်နှင့် တိုက်ရိုက် စကားပြောရသောခွင့်ထူး ခံစားရရှိကြပါသည်။ ထိုသို့ ဆုတောင်းရာတွင် မိမိကိုယ်ကျိုး အတွက်သာ မဟုတ်ဘဲ သူတစ်ပါးအတွက်လည်း ကိုယ်စားပြုဆုတောင်းသောသူများ ဖြစ်ရမည်။ ဤအခွင့်အာဏာကို မသုံးဘဲထားပါက ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး ဘ၀အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ပါ။
ရှင်ဘုရင်ဆိုသည်မှာ တိုင်းနိုင်ငံတစ်ခုတွင် အာဏာအရှိဆုံးသောသူ ဖြစ်သည်။ အမိန့်ပေးနိုင်စွမ်းရှိသောသူ ဖြစ်သည်။ ယေရှုခရစ်တော်ကို ယုံကြည်သောသူများအား ရှင်ဘုရင်အရာ၌ ခန့်အပ်ထားသည်ဟုဆိုရာတွင် ရန်သူစာတန်အပေါ် အမိန့်အာဏာအသုံးပြု၍ နှင်ထုတ်ရသောအခွင့်၊ နတ်ဆိုးတို့ အပေါ်၌ အောင်မြင်ရသော အခွင့်ရရှိခြင်းကို ပြောခြင်း ဖြစ်သည်။ သခင်ယေရှုက “ငါ၏ နာမ၌ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့” (မာကု ၁၆း၁၇) ဟု ဂတိပေးခဲ့ရာတွင် ယုံကြည်သူအယောက်တိုင်းသည် တန်ခိုးကြီးမားသော ယေရှု၏ နာမကို ရန်သူစာတန်အပေါ် သုံးစွဲခွင့်ရှိကြောင်း အမြဲ သိရှိဖို့လိုပါသည်။ ယေရှု၏ နာမသည် ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီးအောက်၌ရှိသော သတ္တ၀ါတည်းဟူသော ခပ်သိမ်းသောသတ္တ၀ါတို့အပေါ်၌ အမြင့်မြတ်ဆုံးသောဘွဲ့နာမ ဖြစ်သည် (ဖိလိပ္ပိ ၂း၉-၁၁)။ ယေရှု၏ နာမမှတစ်ပါး ကယ်တင်နိုင်သောနာမသည် ကောင်းကင်အောက် မြေကြီးပေါ်တွင် မရှိပါ (တမန် ၄း၁၂)။ ဤအခွင့်အာဏာကို ယုံကြည်သူများက အသွေးအသားမရှိ အထွတ်အမြတ်အာဏာစက်နှင့် လောကီ မှောင်မိုက်ကို အစိုးတရပြုသောမင်းတည်းဟူသော နတ်ဆိုးနှင့် ၀ိညာဉ်ဆိုးများကို နှင်ထုတ်ရာတွင် အသုံးချဖို့ရန် ပေးထားခြင်း ဖြစ်သည် (ဧဖက် ၆း၁၂)။
အထူးသတိပြုရမည့်အချက်တစ်ခုမှာ ဘုရားသခင်ပေးထားသော အခွင့်အာဏာသည် သူ၏ ဘုန်းတော်ထင်ရှားဖို့ရန်သာ အသုံးပြုဖို့ လိုအပ်ကြောင်းသိရှိရန် အထူး လိုအပ်ပါသည်။ အသင်းတော်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုအဖွဲ့အစည်း အသီးသီးတို့၌ ခေါင်းဆောင်နေရာရလာသောအခါ လုပ်ဖော်ဆောင်ဖက်နှင့် နောက်လိုက်ငယ်သားများအပေါ် အာဏာပြပြီး လက်ဝါးကြီးအုပ်စိုးဖို့ မဟုတ်ပါ။ ယေရှုကလည်း “သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့ မပြုကြနှင့်” ဟု သတိပေး မှာကြားခဲ့သည် (မဿဲ ၂၀း၂၅-၂၆)။ အဘယ့်ကြောင့်ဆိုသော် “လူသားသည် သူတစ်ပါးကို စေစားခြင်းငှါ မလာ၊ သူတစ်ပါး အစေကိုခံခြင်းငှါလည်းကောင်း၊ မိမိအသက်စွန့်၍ လူများကို ရွေးခြင်းငှါလည်းကောင်း ကြလာသတည်း” ဟု ပြောဆိုခဲ့သည် (မဿဲ ၂၀း၂၈၊ မာကု ၁၀း၄၅)။ အခွင့်အာဏာအားလုံးတို့ကို ပိုင်ဆိုင်သော ခရစ်တော်ကိုယ်တိုင်ပင်လျှင် နှိမ့်ချသောသဘောနှင့် အသက်ရှင်ပြခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ယနေ့ယုံကြည်သူခေါင်းဆောင်များသည်လည်း အခွင့်အာဏာကို အလွဲသုံးသောသူများ မဟုတ်ဘဲ နှိမ့်ချသောသဘောနှင့် အသက်ရှင်သောသူများဖြစ်ဖို့ရန် အထူး လိုအပ်ပါသည်။
သို့ဖြစ်၍ ယုံကြည်သူများ ရရှိထားသော အခွင့်အာဏာများကို ဧ၀ံဂေလိတရားဝေငှခြင်း၊ အနာရောဂါ ငြိမ်းစေခြင်း၊ နတ်ဆိုးဝိညာဉ်ဆိုးများကို နှင်ထုတ်ခြင်းစသည်တို့ဖြင့် ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်ဖို့ရန် အသုံးပြုရမည်။ ယုံကြည်သူအယောက်တိုင်း အဆင့်အတန်း ခြားနားမှုမရှိဘဲ ရရှိထားသော ခရစ်တော်၏ နာမ၌ ဆုတောင်းခြင်းကို အမြဲပြုနေရန် လိုပါသည်။ ဘုရားသခင်သည် ယေရှုခရစ်တော် အားဖြင့် ယုံကြည်သောသူများထံ လွှဲအပ်ထားသော အခွင့်အာဏာ အပြည့်အ၀ကို ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့ရန်အတွက်သာ အသုံးပြုကြစေလိုပါသည်။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
Source:Pastor San Cung Nung blog

Add your comment

Your email address will not be published.